Monday, June 5, 2017

ဧည့်သည်

သရဲစာအုပ် ၏ ဓာတ်ပုံ
ဧည့်သည်

''ကဲ သမီးရေ မေမေစိတ်ချမယ်နော် မောင်လေးကိုသေချာထိန်း ညည်းတို့အဖေ ဆေးစစ်ဖို့လိုလို့သာ စိတ်ကမချဘူး ကလေးနှစ်ယောက်ထဲဆိုတော့ သမီးတို့အကိုကြီး ညနေလောက်ပြန်ရောက်လိမ့်မယ် ဟုတ်ပြီလား ကဲကဲ နောက်ကျတော့မယ် မေမေတို့သွားပြီ စိတ်ချမယ်နော် ''

''ဟုတ် မေမေ ''

ဖေဖေကစကားနည်းသလောက် မေမေကတော့ အတော်လေးစကားများတယ် ခုလည်း ဖေဖေ့ကျန်းမာရေးကြောင့် အလျင်စလိုခရီးသွားကြတယ် ကျွန်မထက်အကြီးအကိုတယောက်နဲ့ မောင်လေးတစ်ယောက်ရှိတယ် ခုတော့မောင်လေးကျွန်မနှစ်ယောက်ထဲအိမ်မှာကျန်ခဲ့တယ် ကိုကြီးက အလုပ်အားရက်သူငယ်ချင်းတွေနဲ့ပျော်ပွဲစားထွက်တယ်လေ အမေတို့ထွက်သွားတာနဲ့ ကျွန်မတို့မောင်နှမနှစ်ယောက်လွတ်လပ်ရေးရသည့်အလားး

''နင်လည်းနင်ဟာနင်နေ ငါလည်းငါ့ဟာငါနေမယ် မနှောက်ယှက်ကြေး ok ''

''အင်း ok ဒယ် ''

ကိုယ်တော်ချောက အိမ်ပေါ်ထပ်ကော့တော့ကော့တော့နဲ့တက်ချသွားတယ် ကျွန်မလည်းအိမ်အောက်ထပ်မှာသူငယ်ချင်းနဲ့ဖုန်းပြောတာအတော်ကြာသွားတယ် ခုညနေတောင်တော်တော်စောင်းနေပြီ ကိုကြီးပြန်မလာသေး ရေမိုးချိုးပြီးမောင်နှမနှစ်ယောက်ထမင်းစားကြတယ် အပြင်မှာတော့တော်တော်မှောင်နေပြီ စားပြီးတော့ ကျွန်မက ဧည့်ခန်းထဲမှာ ကိုကြီးလာရင်အဆင်သင့်တံခါးဖွင့်ပေးရအောင် ထိုင်စောင့်နေလိုက်တယ် ကျွန်မမောင်ဇေယျကတော့ အပေါ်ထပ်မှာ TV ကလည်းစိတ်ဝင်စားစရာဘာမှမလာတာနဲ့ ဖုန်းထုတ်ပြီး ဟိုကြည့်သည်ကြည့်လုပ်နေတုန်း တယောက် share ထားတဲ့ အစိမ်းသေ အကြောင်းသွားဖတ်မိတယ် ဖတ်ရင်းနဲ့ကြက်သီးတွေထပြီးလန့်လာတယ် ကိုယ့်ဘေးနားမှာတယောက်ယောက်ရှိနေတဲ့ခံစားချက်မျိုး ဖုန်းစခရင်နားကနေမျက်လုံးမခွာရဲဘူး ဆက်ဖတ်နေရင်းနဲ့ ကိုယ့်နောက်ကျောနားကနေ အသက်ရှုသံပြင်းပြင်းကြီး ကြားလိုက်ရတယ် ကျောထဲလည်းအေးစိမ့်စိမ့်ကြီးဖြစ်လာပြီ အသက်ရှူသံကပိုပိုနီးကပ်လာတယ

လှည့်လည်းမကြည့်ရဲ ထလည်းမပြေးရဲ ထိုအချိန် အိမ်ပေါ်ထပ်ခေါင်မိုးပေါ်ကို ဝုန်းခနဲ ဘာပြုတ်ကျသည်မသိ ကျွန်မနှလုံးထဲ အေးခနဲဖြစ်သွားတယ် အသံကြားလိုက်တဲ့တချိန်ထဲမှာပဲ ကျွန်မလက်မောင်းကို လက်အေးအေးကြီးတစ်စုံက လက်ဆွဲလိုက်တယ်

''အမေရေ သရဲးးးးးးးးး ''

''အားးးးးးး ''

မျက်စိဇွတ်မှိတ်ပြီး အတင်းကုန်းရုန်းအော်ခိုက်တယ် ကိုင်ထားတဲ့လက်ကမလွှတ်သေး ကျွန်မလည်းအတင်းရုန်းကန်နေတုန်းး

''မလတ် သားပါ ဇေယျ မျက်စိဖွင့်ကြည့်အုံးးး ''

ကျွန်မမျက်လုံးဖွင့်ကြည့်လိုက်တော့ ဇေယျရယ် ကျွန်မလက်မောင်းကိုအတင်းဆွဲထားတာ

''ဟာ ငဇေ အသံမပေးဘာမပေးနဲ့ဟာ နင်လုပ်တာငါလန့်ပြီးသေတော့မလို့ ''

''သားအိမ်ပေါ်မှာတယောက်ထဲမနေရဲလို့ ဘာသံတွေမှန်းမသိဘူးကြားနေရတယ် အဲ့ဒါနဲ့ကြောက်လို့အိမ်ပေါ်ကဆင်းလာတော့ ကျောထဲအေးစိမ့်အေးစိမ့်နဲ့ နောက်ကတယောက်ယောက်လိုက်လာသလိုမျိုးကြီး အဲ့ဒါနဲ့အတင်းပြေးဆင်းလာတုန်း ဧည့်ခန်းထဲလည်းရောက်ရော ခေါင်မိုးပေါ်က ဒုန်းးး ဆိုတဲ့အသံကြီးလန့်ပြီး မလတ်လက်ဖမ်းဆွဲလိုက်တာ ''

''အေး နင် လန့်တာအရေးမကြီးဘူး ငါကဒီမှာသရဲကြောင်းဖတ်နေတာဟ ''

သူလည်းပြောပြောဆိုဆို ဆိုဖာပေါ်ဝင်ထိုင်ပြီး tv ကိုဟိုပြောင်းလိုက်သည်ပြောင်းလိုက်လုပ်နေတယ် ကျွန်မလည်းခုမှရင်တုန်တာပျောက်တယ် အနားမှာလူတယောက်ရှိတော့စိတ်အေးလက်အေး ပြန်ထိုင်နေလိုက်တယ် ၈ နာရီခွဲတော့မယ် ကိုကြီးပြန်မလာသေးဘူး အကြောက်ပြေကာစအချိန်မှာပဲ အိမ်ခေါင်မိုးကို လက်သည်းနဲ့ကုတ်ခြစ်တဲ့အသံကြီးကြားလိုက်ရတယ် ဇေယျရော ကျွန်မပါမျက်လုံးပြူးသွားတယ် အသံကိုနားစွင့်နေတုန်း ကလေးငိုသံလိုမျိုး စူးစူးဝါးဝါးအော်သံတွေ ဆက်ကြားရတယ်

အသံကြီးက ကြောက်ဖို့ကောင်းလိုက်တာမှ ဇေယျလည်း သူထိုင်နေတဲ့ ခုံကနေ ကျွန်မဆီ လွှားကနဲ ခုန်တက်လာတယ် ကျွန်မဘေးကပ်ထိုင်ရင်း ကျွန်မလက်မောင်းလည်းဆွဲထားသေးတယ် ကလေးငိုသံကြီးက ဆက်တိုက်ကြားနေရတုန်းပဲ အသံက အိမ်ပေါ်ထပ်ကလိုလို အိမ်ဘေးဘက်ကလိုလိုနဲ့ ခဏကြာတော့ ဝုန်းးးးဆိုအသံကြီးတချက်ကြားလိုက်ရပြီး ခွီးးးးးးး ခွီးးးးးးးး ဆိုတဲ့အသံတွေပါကြားရတယ်

သေချာပြီ ဒါကြောင်လိုက်တဲ့ရာသီ မို့လို့ ကြောင်တွေသောင်းကျန်းနေတာပဲ ကြောင်လိုက်တဲ့အချိန်ဆို သူတို့အော်သံတွေက ကလေးငိုသံကြီးလိုပဲ

''ကြောင်ပါဟ ငါ့လက်လွှတ်အုံးးး ''

''ဘယ်သိမှာလည်း အဲ့ဒီကြောင်စုတ်တွေ ကလည်း ''

''အေးလေ စိတ်ညစ်ပါတယ် ''

''မလတ် ကိုကြီးက ပြန်မလာသေးဘူးနော် ''

''အင်း အချိန်တန်ရင်ပြန်လာမှာပါ မမျှော်ကောင်းဘူး ''

''တီ တီ တီ ''

ဟောကားသံကြားပြီ မောင်နှမနှစ်ယောက် အပြေးအလွှားသော့ပြေးယူ ကားဂိုဒေါင်တံခါးပြေးဖွင့် တက်ညီလက်ညီ ကိုကြီးကားပေါ်ဆင်းပြီး ဘေးကဖြတ်လျှောက်သွားတော့ ချဉ်စုတ်စုတ် အနံ့လိုညှီစို့စို့ အနံ့လိုလို ကိုကြီးဘီယာသောက်လာတာဖြစ်မယ် အငယ်ကောင်တောင်နောက်ကနေနှာခေါင်းတရှုံ့ရှုံ့နဲ့

''ကိုကြီး ညစာစားပြီးပြီလား ထမင်းစားမလား ''

''အင်းး အင်းး စားမယ် အမြန်ထမင်းခူး ''

ထမင်းခူးပေးလိုက်တော့ လက်နဲ့အားရပါးရစားနေလိုက်တာ တပန်းကန်ပြီး တပန်းကန်ဇေယျရောကျွန်မပါ အံ့သြသွားတယ် ကိုကြီးက ထမင်းကိုအဲ့လောက်ခုံမင်တဲ့သူမဟုတ်ဘူး ခါတိုင်းတပန်းကန်တောင်အနိုင်နိုင် ခုတော့စားနေလိုက်တာ မနက်ကမေမေက ကြက်သားဟင်းနှစ်ရက်စာချက်ပေးသွားတယ် ကျွန်မတို့နှစ်ယောက်စားတာ ဘယ်နဖက်မှမရှိ ကိုကြီးစားတာ အိုးဝက်ကျော်နေပြီ လေးပန်းကန်လောက်စားပြီးတော့ ထမင်းလည်းကုန်ပြီ ဒါတောင်သူက နံကြားတောင်ညှပ်သေးပုံမပေါ် ကျွန်မတို့နှစ်ယောက်လည်းမသင်္ကာတော့ဘူး

''ဘာလဲကိုကြီး မဝသေးလို့လား ကိုကြီးစားတာလည်းကြည့်ပါအုံး တပို့နင့်နေမယ် ''

''ဟာ ငါမဝသေးဘူး ''

''မဝလည်း မတတ်နိုင်ဘူး ဘာမှမရှိတော့ဘူး ခြေလက်ဆေး ဘုရားရှိခိုးပြီး အိပ်တော့ ညည့်နက်နေပြီ ကိုးနာရီတောင်ထိုးတော့မယ် ''

ပြောပြောဆိုဆို ဇေယျရောကျွန်မပါ ပန်းကန်တွေ အတင်းဆွဲသိမ်းကြတယ် ထမင်းဝိုင်းကမထသေးတာကြောင့် ကျွန်မခြေလက်ဆေးဖို့နောက်တခေါက်ထပ်ပြောလိုက်တယ် အဲ့ဒီ့တော့မှ ဆော့ကြီးအောင့်ကြီးနဲ့ထွက်သွားတယ် ကျွန်မတို့နှစ်ယောက်လည်းမအိပ်ချင်သေးတာနဲ့ ဧည့်ခန်းထဲမှာ ဇာတ်ကားထိုင်ကြည့်နေလိုက်တယ် အချိန်အတော်ကြာတဲ့အထိ ကိုကြီး ရေချိုးခန်းဘက်က ပြန်လာတဲ့ အသံမကြားရဘူး

''ငဇေ့ နင်ကိုကြီး အိပ်ခန်းဘက်ပြန်လာတဲ့အသံကြားလား ''

''အင်း မကြားသေးဘူးပဲ ရေများချိုးနေတာလား သွားကြည့်ဦးမယ် ''

ပြောပြောဆိုဆို ထထွက်သွားတယ် ခဏလေးကြာတော့ အလန့်တကြားနဲ့ အမောတကောပြန်ပြေးလာပြီး

''မလတ် မလတ် လာကြည့်အုံး ကိုကြီး ကိုကြီး က ကြောက်စရာကြီး''

''ဟေ ဘာဖြစ်တာတုံး ''

''ရှူးးးး တိုးတိုး လာကြည့် ''

သူကရှေ့က ကုတ်ချောင်းကုတ်ချောင်းနဲ့ သူနောက်လိုက်သွားတော့ မီးဖိုချောင်ထဲမှာ ရေခဲသေတ္တာကပွင့်လျက်သားကြီး နဲ့ ကိုကြီးရယ် အသားစိမ်းငါးစိမ်းတွေကို လက်နဲ့ကိုင်ပြီး အားရပါးရစားနေတာ သူစားနေတာမြင်ပြီး အော့အန်ချင်စိတ်တောင်ပေါက်တယ် အော်မိတော့မလို့ ကိုယ့်ပါးစပ်ကိုအတင်းပိတ်လိုက်ရတယ် မောင်နှမနှစ်ယောက်ခြေသံလုံလုံနဲ့ဧည့်ခန်းဘက်ပြန်ပြေးလာကြရတယ်

''မလတ် ကိုကြီး ဖုတ်ဝင်နေတာလား သရဲပူးနေတာလားမသိဘူး ''

''နေဦးမထိုင်နဲ့အုံးး ဧည့်ခန်းတံခါးသွားပိတ် ''

အပြင်ခန်းနဲ့အတွင်းဘက်က အခန်းတွေကို မှန်တံခါးလုပ်ထားတာဖြစ်သည်

''ဟုတ်တယ် အပြင်ကပြန်လာတော့ သရဲတွေဘာတွေကပ်ပါလာတာဖြစ်မယ် ဘာလုပ်ရမလဲ ငါလဲဘာမှမတတ်ဘူး ''

''ဟိုဟာလေ ဘကြီး ကိုအကျိုးကြောင်းပြောပြီးခေါ်လိုက်လေ ''

ဟုတ်သားပဲ အဖေ့အကို ဘဘကြီးတယောက်လုံးရှိတယ် သူက ပရလောကအကြောင်းတွေဘာတွေနားလည်တယ် ဘကြီးအိမ်ကိုဖုန်းဆက်ပြီး အိမ်မှာကိုကြီးက မူမမှန်လို့ အမြန်လာပါလို့ခေါ်လိုက်ရတယ် ပြောပြီး မီးဖိုခန်းထဲလည်းစောင့်ကြည့်နေရသေးတယ် သူကတော့စားနေတုန်းပဲ ခဏကြာတော့ အိမ်ရှေ့ကားရပ်သံကြားတယ် တံခါးပြေးဖွင့် ဘကြီးနဲ့အတူ တခြား လူတွေလည်းပါလာတယ် ကြီးကြီးနဲ့ အစ်မဝမ်းကွဲတွေလည်းပါလာတယ်

အိမ်ထဲဝင်ပြီးတော့ ကိုကြီးကိုပြလိုက်တယ် မီးဖိုခန်းထဲမှာ အစားသောက်တွေပြန့်ကြဲလို့ ကိုကြီးက ဘဘကြီးလည်းမြင်ရော ထွက်ပြေးမယ်လုပ်တယ် ပါလာတဲ့လူတွေက ကိုကြီးကိုဝိုင်းချုပ်လိုက်ကြတယ် ပြီးတော့ဘဘကြီးက အိမ်ပေါ်ထပ်ဘုရားခန်းကိုခေါ်သွားခိုင်းတယ် ကိုကြီးကတော့ အတင်းရုန်းကန်ပြီး ငါ့ကိုလွှတ် ငါ့ကိုလွှတ်ဆိုပြီးး ကြောက်စရာအသံကြီးနဲ့အော်နေတယ်

ဘုရားစဉ်ရှေ့ရောက်တာနဲ့ ဘကြီးက ထိုင်ခိုင်းတယ် မရဘူး ရုန်းကန်နေတယ် လက်ထဲကတုတ်ကောက်နဲ့တချက်ရွယ်လိုက်တော့မှ ထိုင်ချတော့တယ် တုတ်ကောက်တော့ကြောက်ပုံပဲ

ပြီးတော့မှဘကြီးက လိပ်ပြာရှင်ခန္ဓာကိုယ်ထဲက ထွက်ပေးဖို့ပြောတော့ ဝင်ပူးနေတဲ့သူက ရိုင်းရိုင်းစိုင်းစိုင်းတော့မဟုတ်ဘူး ဘကြီးကိုလည်းကြောက်တဲ့ပုံပဲ

ဒီအိမ်ကို သူခေါ်လို့လိုက်လာတာဖြစ်ပြီး ထမင်းအဝကျွေးမယ်ဆိုပြီး မဝလို့ ယူစားတဲ့အကြောင်း သေချာပြောပြတယ်

ဖြစ်ပုံက ဒီလို ကိုကြီးနဲ့သူ့သူငယ်ချင်းတွေပျော်ပွဲစားထွက်ကြတော့ ပြန်ခါနီး မြို့ပြင်ရေချောင်းနားမှာခဏနားကြတယ် ဘီယာတွေဘာတွေသောက်ကြရင်းနဲ့ပေါ့ အဲ့ဒီ့မှာတယောက်က ဒီနေရာနားမှာ ကောင်မလေးတယောက်ရေနစ်သေဖူးတဲ့အကြောင်း ခုထိမကျွတ်သေးဘူးဆိုပြီးပြောတယ် ဒါကို ကိုကြီးရောတခြားသူတွေပါမယုံကြဘူး ကိုကြီးက သရဲမလေးသာ တကယ်မကျွတ်ဘူးဆိုရင် အိမ်ကိုဖိတ်ပြီးထမင်းတောင်ခေါ်ကျွေးအုံးယ်ဆိုပြီးပြောမိတယ်တဲ့လေ

ဘကြီးက ခုဝပြီလား ထပ်စားချင်သေးလား စားချင်ရင်ကျွေးမယ် လိပ်ပြာရှင်ကိုတော့အနှောက်အယှက်မပေးပါနဲ့လို့ပြောလိုက်တော့

အခုသူစားလို့ဝပါပြီတဲ့ ပြန်တော့မယ်တဲ့ မနက်ကျရင် သူသေတဲ့နေရာမှာလာပြီး သူကျွတ်လွတ်ဖို့အမျှတန်းဝေပေးပါဆိုပြီးတောင်းဆိုတယ် ဘကြီးက ကတိပေးလိုက်တော့ ကိုကြီးလည်းဝါးကနဲသမ်းပြီး ခွေကြသွားတယ် ဘဘကြီးက ဘုရားစင်ပေါ်က ရေမန်းနဲ့မျက်နှာနှစ်ချက်သုံးချက်တောက်လိုက်တော့ နိုးလာတယ် လူတွေအများကြီးက ဝိုင်းကြည့်ခံနေရတယ် သူဘာဖြစ်မှန်းမသိဘူး ဘကြီးက အဆင်ပြေသွားပြီဆိုမှ ကျန်တဲ့လူတွေပြန်သွားကြပြီး ဘကြီးတို့မိသားစုက အိမ်မှာပဲ အိပ်ပေးကြတယ်
ကိုကြီးကိုလည်း ရေမန်းတွေဘာတွေ တိုက် သူလည်းသူ့ကိုသူဘာဖြစ်မှန်းမသိဘူး ကားမောင်းပြီး အိမ်ပြန်ရောက်တဲ့အထိပဲ မှတ်မိတယ်တဲ့လေ

မနက်ရောက်တော့ ဘကြီးကပဲဦးဆောင်ပြီး ကောင်မလေးသေခဲ့တဲ့နေရာမှာ သူမအတွက်အမျှတန်းပေးဝေခဲ့ကြတယ်

#တကယ်တမ်းယုံကြည်သည်ဖြစ်စေ မယုံသည်ဖြစ်စေ မမြင်နိုင်တဲ့လောကသားတွေ တကယ်ရှိနေကြတာမို့ စကားကိုလက်လွတ်စပယ်မပြောသင့်ပါကြောင်း

ပြီးပါပြီ

No comments:

Post a Comment