Monday, June 5, 2017

မိုးညှင်းမြို့မှ ကြောက်၍ မချစ်ဝံ့သူ


Moe Swe ၏ ဓာတ်ပုံ
“ မိုးညှင်းမြို့မှ ကြောက်၍ မချစ်ဝံ့သူ ”
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ”
( ဖြစ်ရပ်မှန် ) ( စ - ဆုံး )
( အမှန် တကယ်ကြုံခဲ့သော သူ နေရာမှ ခံစား၍ ရေးသည်။ )
“ ၀ါသနာအရရေးသားခြင်းဖြစ်သောကြောင့် အမှားအယွင်းရှိပါက ခွင့်လွှတ်ပေးစေလိုပါသည် ။
ဝေဖန်မှုများကို ကြိုဆိုပါသည် ။ 😊 ”

#အစမ်းအနေနဲ့ အရေးအသားအနည်းငယ်ပြောင်းပြီး
ရေးကြည့်ထားတယ်ဗျ သည်းခံပြီး ဖတ်ရှုပေးကြပါ 😊
ဤစာကို ထမင်းစားနေချိန်မဖတ်ရ ။
~ အပိုင်း ( ၁ )
၁၉၆၀ ခုနှစ် ၊ မှောင်မိုက်သော ညတစ်ည ။
‘ မိုးညှင်းမြို့ ’ ၊ ‘ နန်းခါရပ် ’ တွင်
ပျော်ပွဲရွှင်ပွဲ တစ်ခုကျင်းပနေလေသည် ၊
ထိုပွဲတွင် အငြိမ့်ပွဲလေးတစ်ခုလည်း ပါလေသည် ၊
ထိုအငြိမ့်ပွဲကို ပွဲ၏ အနောက်ဆုံးနေရာမှ
အငြိမ့်ကိုဝါသနာကြီးသူ ‘ မိုးစွေ ’ ပင်ဖြစ်သည် ။
ဟုတ်ပါတယ်ဗျာ ၊ ကျွန်တော် ‘ မိုးစွေ ’
ဇာတ်ပွဲကို အလွန်နစ်သက်သူတစ်ယောက်ပါ ၊
အိမ်ထောင်မကျခင်ကဆို အနီးအနားမှာ
ဇာတ်ပွဲရှိတယ်ဟေ့ဆိုတာနဲ့ ရှေ့ဆုံးက ပြေးပြီးသားပဲ
ဒါပေမယ့် ပွဲကြည့်ရင် အနောက်ဆုံးကပဲအမြဲကြည့်တယ်
လက်မှတ်ခသက်သာသလို ကြည့်ရင်လည်း အဆင်ပြေသကိုး ။
ဇာတ်စင်ထက်က မင်းသမီးလေးက
အသံသာသာလေးနဲ့ ကပြ ဖျော်ဖြေနေတာကို
ကျွန်တော် ကြည့်နေတာ မျက်တောင်ခတ်ဖို့တောင်
သတိမရဖြစ်နေတယ်ဗျ ၊ အဲ့ဒီအချိန်မှာ ……….. ။
အဲ့ဒီ အချိန်မှာပဲ ကျွန်တော့်ရဲ့ ညာဘက်လက်မောင်းကို
လွန်စွာနူးညံ့သိမ်မွေ့သော လက်ကလေးတစ်ဖက်က
လာကိုင်တယ်ဗျ ၊ ထိုအချိန်မှာ ကျွန်တော့်နှာခေါင်းထဲ
လူအုပ်ကြားထဲက သူများနဲ့မတူတဲ့ မွှေး ရနံတစ်မျိုးကို
ကောင်းစွာခံစားရလိုက်တယ် ၊
ကျွန်တော့်လက်မောင်းကို လာကိုင်သောသူကို
လှည့်မကြည့်မီ စက္ကန့်ပိုင်းအတွင်း
ကျွန်တော့်အတွေးမှ ခံစားနေရသော
ခံစားချက်များကြောင့်
ဦးနှောက်က အမိန့်ချလိုက်သလို
ထိုလက်ပိုင်ရှင်မှမိန်းကလေးတစ်ယောက်
ဟု ကျွန်တော် တစ်ထစ်ချ လက်ခံထားလိုက်ပြီး ၊
ကျွန်တော့်ညာဘက်ကို လှည့်ကြည့်လိုက်မိတယ် ။
မချိုမချဉ် အပြုံးလေးနဲ့
ဖြူဝင်းနေသော အပြစ်ကင်းစင်သည့်
မျက်နာကလေးနဲ့ ကောင်မလေးတစ်ယောက်
သူ့ကိုကျွန်တော်ကောင်းကောင်းသိသည်
ကျွန်တော့် သူငယ်ချင်း ‘ တွယ်တာ ’ မဟုတ်လား ။
“ ဟဲ့ ‘ တွယ်တာ ’ နင်တစ်ယောက်တည်းလား ၊
ဘာလဲ ပွဲလာကြည့်တာလား အဖော်တွေလည်းမတွေ့ပါလား ။ ”
ခါတိုင်း အဖော်မပါပဲ ညဘက် အပြင်ထွက်လေ့မရှိသူမို့
ကျွန်တော် မေးခွန်းထုတ်မိသည် ။
“ အေး သူငယ်ချင်း ‘ ကိုမိုး ’ ငါ့ကို
တစ်ခုလောက်ကူညီပါလားဟာ ၊
ငါအိမ်နားက သူငယ်ချင်းတွေနဲ့ အတူလာတာ
အခုလူစုကွဲသွားလို့ဟ လိုက်ရှာနေတာလည်း နှံ့နေပြီ
ငါအိမ်ကို ပြန်သွားပြီထင်ပြီး သူတို့တွေလည်း
ပြန်သွားကြပြီနဲ့တူတယ် ၊ နင်ငါ့ကို
အိမ်လိုက်ပို့ပေးပါလားဟာ ၊
ငါ့ကို အမေစိတ်ပူနေလောက်ပြီ ”
ကျွန်တော်လည်း ကြောင်တောင်တောင်ဖြစ်သွားတယ် ၊
ကျွန်တော် သိပ်ကြိုက်သောဇာတ်ပွဲလေးကို
လှမ်းကြည့်ပြီး ဘေးနားက မျက်နှာငယ်ကလေးနဲ့
အကူအညီလာတောင်းနေသော သူငယ်ချင်း
‘ တွယ်တာ ’ ကို ပြန်ကြည့်လိုက်ရင်းနဲ့ ဝေခွဲရ ခတ်ပြီး
နောက်ဆုံး ကျွန်တော်မျက်စိမှိတ်ပြီး
ပြောလိုက်တယ်
“ ဟာာာာာ အေးဟာ
ငါလိုက်ပို့ပေးမယ် ”
ထိုအခါမှ သူမ နှုတ်ခမ်းလေးတွေ
အစွမ်းကုန် စွင့်ကားနေလေတော့သည် ။
အတော်ပျော်သွားပုံရတယ် ။
“ ကျေးဇူးပါ ‘ ကိုမိုး ’ ရာ
ငါ့မှာလည်း နင်တစ်ယောက်ပဲအားကိုးစရာရှိတာ ”
ဟင် … သူ့စကားကြီးက အနှောင်အဖွဲ့မလွတ်သလိုပဲ
ဟာ ငါဘာတွေလျှောက်တွေးနေပါလိမ့်နော် …..
ကျွန်တော် လည်း မြန်မြန် အတွေးလက်စဖြတ်လိုက်ပြီး
သူမနဲ့အတူ လမ်းတစ်ခုပေါ်သို့
ဦးတည်လိုက်တယ် ။
အချိန်ကား ည ၁၂ : ၃၀ နာရီ ။
လမ်းကလေးပေါ်မှာ အသက်နှစ်ဆယ်ကျော်
ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်
ဖြစ်တဲ့ ကျွန်တော်နဲ့ ‘ တွယ်တာ ’
နှစ်ယောက်တည်းသာရှိသည် ၊
လမင်းကြီးက အလင်းရောင်ပေးပြီး အဖော်ပြုလို့ ။
‘ တွယ်တာ ’ အိမ်က ကျွန်တော်တို့
လျှောက်လာတဲ့ ပွဲခင်းနဲ့ဆို တစ်မိုင်နီးပါးဝေးတယ်ဗျ ၊
သူ့ အိမ်က မြို့ရဲ့ အစွန်မှာလေ ၊
လမ်းမှာ သင်္ချိုင်းကုန်း တစ်ခု ဖြတ်သွားရဦးမယ် ၊
လမ်းကလည်း လူသူရှင်းလို့ ၊
ရထား သံလမ်း နံဘေးနားက ကပ်ပြီး လျှောက်သွားခဲ့ကြတယ် ။
ကျွန်တော်က တစ်ခြားနေရာမှာ သတ္တိကောင်းပေမယ့်
သရဲတော့ သူမတူအောင်ကြောက်တယ်ဗျ ၊
ဒီလမ်းတွေညဆို တစ်ယောက်တည်း တစ်ခါမှ မသွားဖူးဘူး
အခုက သူငယ်ချင်းကလည်းသူငယ်ချင်း
မိန်းကလေးကလည်းဖြစ်နေတော့ ကိုယ် ရဲမှဖြစ်တာ့မယ် ၊
ကျွန်တော်လည်း အားတင်းရင်း ကြောက်စိတ်ကိုဟန်ဆောင်ပြီး
‘ တွယ်တာ ’ နဲ့အပြန်အလှန် စကားတွေပြောပြီး လျှောက်လာခဲ့တယ်
အဲ့ဒီအချိန်က လမ်းမီးတွေမရှိသေးဘူးဗျ ၊
လမင်းအလင်းရောင်ပဲ အားကိုရတာ ၊
အဲ့လိုနဲ့ ခရီးအတော်ပေါက်လာခဲ့ကြတယ် ၊
စဉ်းစားကြည့်ဗျာ လမ်းတစ်ခုလုံး သက်ရှိဆိုလို့
ကျွန်တော်နဲ့ သူပဲရှိတဲ့အချိန် ၊
သူကလည်းကျွန်တော့်နား ပွတ်သီးပွတ်သပ်နဲ့
‘ တွယ်တာ ’ ရဲ့ ကိုယ်လုံးကိုယ်ပေါက်က
ယခုခေတ် မယ်တွေရှုံးလောက်တယ် ၊
ရုပ်ရည်ကလည်း ချောတယ် အပြစ်ပြောစရာကိုမရှိဘူး ၊
ကျွန်တော့်ကိုလည်းသူက အတော်ခင်ရှာတယ် ၊
ကျွန်တော်လည်း စိတ်ကူးတွေတော့ ယဉ်မိတာပေါ့
လူငယ်ကို ၊ သို့ပေမယ့်
ကျွန်တော် ကြောက်လို့မချစ်ရဲပါ ။
ကျွန်တော်က အိမ်ထောင်သည်လေ
ဇနီးသည်နဲ့ သမီးလေးမျက်နာကိုပြေးမြင်မိတယ် ၊
စောင့်ထိမ်းရမယ့် စည်းတွေကလည်းရှိသေးတယ် ၊
နောက်ပြီးတော့ သူက လူလွတ် အပျိုလေးတစ်ယောက် ၊
ကျွန်တော့်အားကိုးနဲ့ အိမ်ပြန်နေချိန်မှာ
အခွင့်အရေးမယူသင့်ဘူးလေ ၊
နောက်ဆုံးတစ်ချက်က ကျွန်တော်သိပ်ကြောက်တဲ့အချက်
သူမရဲ့ နောက်ကြောင်း ………….. ။
~ အပိုင်း ( ၂ )
‘ တွယ်တာ ’ မြို့ထဲမှာ (ရှမ်းကြီး) စုန်းပညာသည် ဟု
နာမည်အလွန်ကြီးသည့်မိသားစုက တစ်ဦးတည်းသော သမီး ။
သူမရဲ့ မိဘတွေက အသက်ကြီးရင့်နေပြီဖြစ်သော်လည်း
သူတို့ နေထိုင်ရာ ခြံဝင်းကျယ်ကြီး မှာ သီးနှံပင်တွေ
စိုက်ပျိုးကြတယ် ၊ ပြီးတော့ အဲ့ဒီ သီးနှံတွေကိုခူးပြီး
နံနက် စောစော မိုးညှင်းဈေးမှာ သွားရောင်းကြတယ် ၊
ဒါသူတို့ မိသားစုရဲ့ စီးပွားရေးလုပ်ငန်းလေးတစ်ခုပေါ့ ။
‘ တွယ်တာ ’ ရဲ့ မိဘတွေက သူမကို
တစ်ဦးတည်းသော သမီးပေမို့လားမသိ
လွန်စွာချစ်ခင်ကြသည် ။
သို့ပေမယ့် သူမနောက်မှာ
မိသားစုရဲ့ ကောင်းမွေလော ဆိုးမွေလော မသိသည့်
(ရှမ်းကြီး) စုန်းပညာသည် ဟူသော အမည်ကလေးတစ်ခုက
အရိပ်မဲကြီးသဖွယ် ကပ်ပါလာခဲ့တယ် ၊
ကျွန်တော် နဲ့ သူမက မူလတန်းအရွယ်မှာကတည်းက
တစ်ခန်းတည်းမို့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ် ၊
သူမ အလယ်တန်းရောက်တော့ ကျောင်းထွက်သွားခဲ့တယ် ၊
ဘာကြောင့်လည်းဆိုတော့ မြို့ထဲမှသတတင်းများအရ
အတန်းဖော်များက သူမ၏မျက်လုံးကို
စူးစူးစိုက်စိုက် လိုက်ကြည့်ကြသည် ၊
အချို့က မသိမသာကြည့်ကြသည် ၊
စုန်းပညာသည် မှန်ပါက ထိုပညာသည်၏
မျက်လုံးတွင် ကြည့်သာ၏ ရုပ်ပုံမှာ
ဇောက်ထိုးမြင်ရတက်သောကြောင့်ပင်
စမ်းသပ်သည့်သဘောဖြင့် သူမကို လိုက်ကြည့်ကြသည် ၊
သို့သော် သူမက တစ်ဦးတစ်ယောက်နှင့်မှ
သူ့ရဲ့ မျက်လုံးကို ကြာကြာ ပေး၍မကြည့်
အကြည့်မခံပေ ။
အချို့ စမ်းဘူးသူများပြန်ပြောပြသည်က
အမှန်ပင် ‘ တွယ်တာ ’ သည် (ရှမ်းကြီး) စုန်းပညာသည်
တစ်ဦးဖြစ်ကြောင်း သူမ၏ မျက်ဝန်းထဲတွင်
လူ၏ အရိပ်သည် ဇောက်ထိုးပေါ်ကြောင်းအပြင်
မြိုကထဲမှာ ဒိတ်ဒိတ်ကြဲ တွေဖြစ်ကြတဲ့
‘ တွယ်တာ ’ မိဘနှစ်ပါးကလည်း
လပြည့် လကွယ် ညတွေဆိုလျှင်
ကောင်းကင်မှာ မီးလုံးကြီးတွေ ( ရွဲလုံးပမာ )
အဖြစ်ပြောင်းသွားပြီး တိမ်ညွန့်တွေ စားနေကြတယ်တဲ့
ကြည့်နေရင်းနဲ့ တဖြည်းဖြည်း နိမ့်ဆင်းလာပြီး
နောက် အဲ့ဒီ မီးလုံးနှစ်လုံးက
‘ တွယ်တာ ’ တို့ခြံထဲကိုပြန် ၀င်သွားကြောင်း
လပြည့်လကွယ်ညများတွင် အရပ်ထဲမှ စောင့်ကြည့်ကြသူများ ၊
ကင်းသမားများ ၊ လူအချို့ ပြောသော
စသည့် အမှန်အမှား သေချာမသိနိုင်သည့်
သတင်းများက ကျွန်တော်တို့ ကျောင်းခန်းထဲမှာ
ပျံ့နေခဲ့တယ် ။
ထိုစကားလုံးတွေ ၊ အတန်းဖော်တွေ
ဆရာမတွေ ကျောင်းသားမိဘတွေ ၏
အကြည့်တွေအောက်မှာ ‘ တွယ်တာ ’ တစ်ယောက်
ခံနိုင်ရည်မရှိတော့ဘဲ အလယ်တန်းဘ၀မှာပင်
ကျောင်းမှ နှုတ်ထွက်သွားခဲ့တာဗျ ။
တကယ်ပဲ ‘ တွယ်တာ ’ တို့မိသားစုက
(ရှမ်းကြီး) စုန်းပညာသည် တွေလား…… ။
~ အပိုင်း ( ၃ )
‘ တွယ်တာ ’ တို့မိသားစု
တကယ် (ရှမ်းကြီး) စုန်းပညာသည် ဟုတ်မဟုတ်
အဖြေပေါ်ခဲ့သော နေ့တစ်နေ့ …. ။
ကျွန်တော်တို့ မိုးညှင်းဈေးမှာ
အရင်က ဈေးကောင်တစ်ယောက်ရှိတယ်ဗျ
သူက တရုတ်လူမျိုး ၊ အပေါက်အတော်ဆိုးတဲ့လူ ၊
တစ်နေ့ ‘ တွယ်တာ ’ က သူ့အိမ်က
ဟင်းရွက် အသီးအနှံတွေ ဈေးထဲ လာရောင်နေချိန်
အဲ့ဒီ ဈေးကောက်တရုတ်က ‘ တွယ်တာ ’ ကို
ဈေးကောက်လာကောက်ပြီး သူတို့နှစ်ယောက်
စကားအချေအတင်ဖြစ်နေကြတယ်
မည်သည်ကြောင့်တော့မသိ ၊
အဲ့ဒီအချိန်မှာ ဈေးကောက်တရုတ်က
‘ တွယ်တာ ’ ကို ကိုယ်ထိလက်ရောက်
ရိုက်နှက်ပြီး ခြေနဲ့ ကန် စတာတွေလုပ်တာပေါ့
‘ တွယ်တာ ’ လေးခမျာ သနားပါတယ် ၊
မြေကြီးမှာလဲသွားပြီးပေတေနေတာ
မျက်နာမှာလဲ ဒဏ်ရာတွေနဲ့ပေါ့
လူတွေကလည်း ၀ိုင်းကြည့်နေတော့
ဘေးကလူတွေက ဈေးကောက်တရုတ်ကို
ဝင်ဆွဲကြတယ် ၊ အဲ့ဒီအချိန်မှာ
ဈေးကောက်တရုတ်ကို ‘ တွယ်တာ ’ က
မျက်ရည်များ တသွင်သွင်ကျနေသောမျက်ဝန်းမှ
အလွန်စူးရှသော မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး
“ တောက် ” တစ်ချက်ခေါက်လိုက်တာကို
သူမကို ၀ိုင်းကြည့်နေသော
လူအားလုံးမြင်လိုက်ကြတယ် ။
‘ တွယ်တာ ’ လေး တော်တော်
ရှက်သွားပုံရတယ် လူအုပ်ကြားကနေ
သူမ ပြေးထွက်သွားပြီး ရဲစခန်းမှာ
ဈေးကောက်တရုတ်ကို သွားတိုင်တာဗျ ၊
ရဲတွေလည်း ချက်ချင်းပဲ
‘ တွယ်တာ ’ ကို ကိုယ်ထိလက်ရောက် နှိပ်စက်တဲ့
ဈေးကောက် တရုတ်ကို ဖမ်းပြီး အချုပ်ခန်းထဲ
ထည့်ထားလိုက်ကြတယ် ။
ည သန်းခေါင်အချိန်ရောက်တော့
အချုပ်ခန်းထဲက ဈေးကောက်တရုတ်က
ခွေးတစ်ကောင်လို ၊ ၀တ်တစ်ကောင်လို
နာကျင်မှုတစ်ခုခုကြောင် စူးစူးဝါးဝါး
အော်ဟစ်ပြီး ကြမ်းပြင်မှာ လူးလိမ့်နေသတဲ့
အဲ့ဒီတရုတ်နဲ့ အချုပ်တစ်ခန်းတည်းကျနေတဲ့
ထောင်သားတွေကလည်း နားညီးလို့
အိပ်မရတာနဲ့ အဲ့ဒီ တရုတ်ကို ၀ိုင်းရိုက်ကြတယ်
သို့ပေမယ့် တရုတ်က အော်နေတာ လူးလှိမ့်နေတာ
ရပ်မသွားဘူး အစောင့်ရဲတွေလည်း
ခဏ ခဏ လာကြည့်ကြတယ်
တရုတ်ကတော့ အော်နေတုန်းပဲ
နံနက် မိုးစင်စင်လင်းတော့
ဈေးကောက်တရုတ် အချုပ်ခန်းရဲ့
ကြမ်းပြင်မှာ နာကျင်မှုကြောင့်
ခြေတွေလက်တွေ ကောက်ကွေးပြီး
သေဆုံးနေတာကိုမြင်တွေ့လိုက်ကြရတယ် ၊
အဲ့တာနဲ့ သေနေတဲ့ တရုတ်ရဲ့
အလောင်းကို ရင်ခွဲရုံပို့လိုက်ကြတယ် ၊
ဆရာဝန်ရဲ့ စစ်ချက်က ကြောက်စရာဗျ… ။
~ အပိုင်း ( ၄ )
ဆေးစာထွက်လာပါပြီး
ခွဲစိတ်ဆရာဝန်ရဲ့ စစ်ဆေးချက်အရ
သေဆုံးသူ ဈေးကောက် တရုတ်ရဲ့
ဝမ်းဗိုက်ထဲက အစာအိမ်ထဲမှာ
‘ ပုလင်းကွဲအစတစ်ချို့ ’ ကိုတွေ့ရပြီး
သူ့ရဲ့ ၀မ်းဗိုက်ထဲက နေ
လက်သန်းလောက်ရှိတဲ့ လောက်ကောင်ကြီးတွေက
တရွရွနဲ့ အပြင်ကို တိုးထွက်လာကြတယ်ဆိုပဲ
တစ်ချို့ဆို နားထဲက ထွက်လာကြပြီး
တစ်ချို့က မျက်လုံးကိုဖောက်ပြီးထွက်လာကြတယ်
အသားထဲကနေ လောက်ကောက်ကြီးတွေ
တရွရွ နဲ့ ထွက်လာကြတာ
ဆရာဝန်တွေတောင် ကြောက်လန့်နေကြတယ် ။
သာမန်လူဆို ဘုရားတနေမိမှာ ၊
စားပြီးသားတွေလည်း အကုန်ပြန် အန်ထွက်ကုန်မှာ
ရဲ့တွေအတွက်တော့ ခေါင်းစဉ်တပ်မရတဲ့ မှုခင်းတစ်ခုပဲ
မြို့သူမြို့သားတွေအတွက်တော့
မတင်မကျဖြစ်နေတဲ့ မေးခွန်းလေးတစ်ခုရဲ့
အဖြေပဲ ။
ရုပ်ကလေးက ခပ်ချောချော ၊
စိတ်ရင်းကောင်းတဲ့ သူလေး ။
ဘာလို့ အမျက်ဒေါသတွေ ကြီးရပါလိမ့် ။
သူ့ကို မျက်ရည်ပေါက်ကြီးငယ်ကျအောင်လုပ်လျှင်
ပညာအစွမ်းနဲ့ ရက်ရက်စက်စက်
အသေသတ်တက်ပါလား ၊
သူက မိန်းမပျိုလေးဆိုတော့ လူပုံအလယ်
အရှက်ရအောင်လုပ်တဲ့ တရုတ်ကို
ရှက်ရှက်နဲ့ ပညာအစွန်းထုတ်ပြလိုက်တာဖြစ်မှာပါ ။
အနည်းဆုံး ရူးအောင်တောင် လုပ်တတ်ကြတယ် ။
ဒီကိစ္စတွေဖြစ်ပြီး ရက်ပိုင်းခန့်မှာ
‘ တယ်တာ ’ လေး တစ်ယောက်
နောက်တတွေရသွားပုံရတယ် ၊
သူလုပ်ခဲ့တာကို စိတ်မကောင်းဖြစ်ပြီး
သီလရှင် ( ၃ နှစ် ) ၀တ်လိုက်သေးတယ် ။
အပြစ်တွေ ပြေပါစေလို့ ကောင်းမှုနဲ့
ချေတဲ့သဘောပေါ့ ။
( မှတ်ချက် ။ ။ ‘ တွယ်တာ ’ တို့မိသားစု
အိမ်တွင် ဘုရားစင်ရှိပြီး ဗုဒ္ဓကိုယုံကြည်သက်ဝင်ကြသည်
အလှူအတန်းများလည်းလုပ်ကြသည် ၊
သီလရှင်လည်းဝတ်သည် ၊
တော်ရုံနှင့် သူများကို ဒုက္ခမပေးကြ ၊
အခြားသော စုန်းညာသည်များ
နှင့် ကွာခြားသော ( ရှမ်းကြီး ) စုန်းပညာသည်များ
ပေလား စာရေးသူလည်း မသိရိုးပါ ။ )
‘ တွယ်တာ ’ သီလရှင်ဝတ်နေတုန်းမှာ
ကွယ်လွန်သွားသူ ဈေးကောက်ရဲ့
ဇနီးသည်က ကိုယ်ဝန်နဲ့ ကျန်ရစ်ခဲ့တယ် ၊
တရုတ်က မိန်းမရခါစ ကျွန်တော်တို့မြို့ကို
ပြောင်းလာတာလေ ၊ တရုတ်တွေဆိုတော့
သေရင်ဂူသွင်းတယ်လေ ၊ သူ့မိန်းမလည်းကိုယ်ဝန်နဲ့
ယောကျာ်းဆုံးတော့ မိဘအိမ်ပြန်မယ်ဆိုပြီး
သင်္ချိုင်းကုန်းက
ယောကျာ်း အုတ်ဂူမှာ သူ့ယောကျာ်း နာမည်
ဆိုင်းဘုတ်နဲ့ ဓါတ်ပုံလေးတွေကို
ယူပြီး မိဘတွေရှိတဲ့ ‘ ဗန်းမော် ’ မြို့ကို
အပြန် လမ်းမှာ ကားမှောက်ပြီး ဆုံးသွားတယ်လို့
သတင်းကြားလိုက်ရတယ် ၊
တိုက်ဆိုင်မှုပေလား ‘ တွယ်တာ ’ ပညာအစွန်းရဲ့
နောက်ဆက်တွဲတွေပဲလားတော့ ဝေခွဲမရခဲ့ဘူး ။
သူတို့ ဇာတ်သိမ်းတွေက
မကောင်းဘူးပေါ့ဗျာ ၊ စိတ်မချမ်းသာစရာပဲလေ ။
~ အပိုင်း ( ၅ ) ( ဇာတ်သိမ်း )
အဲ့ဒီအချိန်မှာ
ကျွန်တော့် လက်မောင်းကိုတစ်စုံတစ်ယောက်က
ဆွဲဆိတ်လိုက်သလိုခံစားလိုက်ရသောကြောင့်
ကျွန်တော် နာကျင်မှုကို မအောင့်နိုင်ပဲ
အော်လိုက်မိတယ်
“ အား……. သေပါပြီဗျ ခေါင်းတွေတောင်ပူထူသွားတယ် ”
“ ဟဲ ‘ ကိုမိုး ’ နင်ဘာတွေလျှောက်တွေးနေတာလဲ
ငါနင့်ကို ခေါ်နေတာကြာလှပြီ
ပြောစမ်းပါဦး နင်ဘာမဟုတ်ကဟုတ်ကတွေ
စဉ်းစားနေတာလဲ … ”
“ အဲ.. ဟို….အင်း….အဲ့ငါဘာမှမစဉ်းစားပါဘူး
‘ တွယ်တာ ’ ရ ငါသရဲကြောက်လို့ပါဟ ”
ဟုကျွန်တော်လိမ်ပြောလိုက်တယ် ၊
တကယ်က သူ့နောက်ကြောင်းတွေတွေးပြီး
သူ့ကိုလန့်နေတာ သူများသိခဲ့ရင်လေ …. ။
“ ဟား…. အေးပါ ‘ ကိုမိုး ’ ရယ်
နင်ဟာလေ တကယ်ပဲ
ကလေးတောင်ရနေပြီကို
သရဲက ကြောက်တုန်း ”
ဟု သူမ သွားလေးတွေပေါ်အောင်ပြုံးပြီး
ဟတ်ဟတ်ပတ်ပတ်ရယ်မောလိုက်လေသည် ။
သြော် ‘ တွယ်တာ ’ …. နင့်အပြုံးလေးတွေ
နင့်မျက်နာလေးတွေကို ကြည့်ပြီး
ဘယ်သူက ဒီလိုယုတ်ညံ့တဲ့ လမ်းကိုလျှောက်နေတဲ့
စုန်း လို့ ထင်ရက်မှာလဲဟာ…. ။
“ ‘ ကိုမိုး ’ ကျေးဇူးပဲဟာ ၊
ငါ့အိမ်ရှေ့ရောက်ပြီ နင်လည်းဂရုစိုက်ပြီးပြန်ဦး
နောက်တွေ့မှ ငါ နင့်ကိုမုန့်ပြန်ကျွေးတော့မယ်
သူငယ်ချင်းရေ ” တဲ့ဗျာ သူမကျွန်တော့်ကို
အပြုံးပန်းလေး တစ်ပွင့်ချွေပြီး ချာကနဲ
အိမ်ထဲလှည့်ဝင်သွားခဲ့တယ်
အေးလေ သူ့မှာလည်း ငယ်သူငယ်ချင်းဆိုလို့
ကိုယ်တစ်ယောက်ရှိတာကို ။
ကျွန်တော်လည်း ရင်တွေပန်းတွေတုန်သွားပြီး
သက်ပြင်းတစ်ချက်ချလိုက်မိတယ်
ကျွန်တော်ပြန်ရမယ့် လမ်းက မှောင်မဲလို့ ……..... ။
#အဆင်ပြေလျှင် “ မိုးညှင်းမြို့ ” မှာနေတုန်းက ထူးဆန်းတာလေးတွေကြုံခဲ့တာကို
ရေးသားချင်ပါသေးသည်။#
~ မိုးစွေ ~

No comments:

Post a Comment