သိုက်စောင့်နဲ့ ဆရာဝန်လေး
#########################
`ကျွန်တော်ဝိုင်းတ၀ိုင်းဝယ်ချင်လို့ဗျ´
`ဆရာလေး ၀ိုင်းဝယ်ချင်တယ်ဆိုရင် အနောက်ဘက်ရွာမှာ ၀ိုင်းတ၀ိုင်းရောင်းမယ်လို့ကြားတယ်တယ်ဗျ´ ။ စစ်ဆရာဝန် ကိုဟိန်းဇော်က ၀ိုင်းဝယ်ချင်သည်ပြော၍ ကျွန်တော် ခင်မောင် ကဖြေလိုက်ခြင်းဖြစ်သည်။ ကျွန်တော်တို့ က နေပြည်တော် ပျဉ်းမနားမြို့ရဲ့ရွာလေးတရွာမှာနေတာပေါ့။ ရွာဘေးမှာ စစ်တောင်းမြစ်ကြီးက
ရစ်ခွေစီးဆင်းနေသည်။ တောင်ခြေရွာလေး
ဖြစ်သောကြောင့် လူနေအိမ်လည်းနည်းသည်။
အိမ်ခြေ ၂၅ အိမ်ခန့်မျှသာရှိသည်။ဆရာဝန်လေး
ကိုဟိန်းဇော်ကတော့ အိမ်ထောင်သည်
ကလေးတယောက်အဖေပါ။ စစ်ဆေးဆရာဝန်ဆိုတော့ တာဝန်ကျရာ နေရာကိုရောက်တိုင်း
နီးစပ်ရာ ကျေးရွာတွေကို လိုက်ပြီးဆေးကုပေးနေသည်။ ကျွန်တော်တို့ရွာကိုတော့ အမြဲဆိုသလိုလာတတ်သည်။ ကျွန်တော့အိမ်ကတော့ သူ့ရဲ့အိမ်လိုပါပဲ။အမြဲဝင်ထွက်သွားလာတတ်သည်။ ကျွန်တော်တို့မိသားစုဝင်လိုဖြစ်နေသည်။ တနေ့ရွာဘက်တွင်ဝိုင်းဝယ်လို၍ စုံစမ်းရာက ကျွန်တော်တို့်အိမ်တွင်စကားဝိုင်းဖွဲ့ပြောဆိုနေကခြင်းဖြစ်သည်။
ဒီလိုနှင့် ကျွန်တော်က၀ိုင်းဝယ်ဖို့ ဟိုဘက်ရွာသို့
သွားစုံစမ်းရတော့သည်။ ရောင်းမည့်ဝိုင်းက
အမွေဆိုင်ဝိုင်း။ ၀ိုင်းမှာအလွန်ပင်ကျယ်ဝန်းလှသည်။အရှေ့ဘက်ရိုးနှင့်မလှမ်းမကမ်းတွင်
သရက်ပင်များရှိသည်။
ထူးခြားသည်မှာ ၀ိုင်း၏အရှေ့တောင်ဘက်ထောင့်စည်းရိုးနားတွင်အိမ်တလုံး၊
တောင်ဘက်စည်းရိုးနားတွင်အိမ်တလုံးသာရှိသည်။ မြောက်ဘက်စည်းရိုးမှတောင်ဘက်သို့ တိုင်းတာသော် ကိုက် ၃၀ အကွာထိမည်သည့်အဆောက်အဦးမှမရှိ။
ကန်စွန်း ချဉ်ပေါင် ဆူးပုတ် စသည့် ယာခင်းစိုက်ထားသည်။ ထိုယာခင်းနေရာကိုရောင်းမည်ဖြစ်သည်။ မေးမြန်းကြည့်တော့ ၀ိုင်းပိုင်ရှင်များက
`အဲဒီနေရာမှာ အဆောက်အဦးဆောက်လို့မရဘူးဗျ။ ကျွန်တော်တို့်နွားအစာကောက်ရိုးပုံရင် ညကျအိပ်မက်ပေးတယ်ဗျ။ ငါတို့နေရာ
ကိုကောက်ရိုးမပုံနဲ့။ နွားကိုစားပစ်မယ်။ဘာညာနဲ့။´ ကျွန်တော်က`ဟုတ်လားဗျ´
ဝိုင်းပိုင်ရှင်နှစ်ဦးနက် ၁ဦးက `ဒါတင်ဘယ်ကမလဲ
အရှေ့ဘက် သရက်ပင်အောက်နားကို နွားတွေ ၀က်တွေ ချည်လို့မရဘူးဗျ။ချည်ထားပြီဆိုရင်
အဲ----ချည်တဲ့နွား(သို့)၀က် က အစာမစားတော့ဘူးသာမှတ် တမှိုင်မှိုင်ဖြစ်နေရော။´
ထိုအချိန်တွင် ဘေးအိမ်မှ အဒေါ်ကြီးတယောက်
ရောက်လာသည်။ ဒေါ်ဝင်း ဆိုသူပင်
ဝိုင်းပိုင်ရှင်၁ဦးက `လေးလေးဒေါ်ဝင်း လာဗျာ
ထိုင် ရေနွေးကြမ်းသောက် လက်ဖက်စား´
`အေးကွဲ့ ဒီသူငယ်က၀ိုင်းဝယ်ဖို့စုံစမ်းနေတယ်ကြားလို့´ ကျွန်တော်က`ဟုတ်တယ်ဗျ ကျွန်တော့မိတ်ဆွေတယောက်က စုံစမ်းခိုင်းလို့ပါ
ဒီဝိုင်းကိုသူက၀ယ်ချင်နေတာလေ။´
ဒေါ်ဝင်းအိမ်က ဒီဝိုင်းကြီး၏အရှေ့ဘက်
ကပ်လျက်ခြံတွင်ရှိသည်။ `အေး အဒေါ်တို့
အိမ်ဆောက်ပြီးခါကစတုန်းကပေါ့
အဒေါ်ယောကျာ်းက အလုပ်ကပြန်လာချိန်က
နောက်ကျတယ်လေ။ တနေ့ည ၈နာရီလောက်
အချိန် `မ၀င်းရေ မ၀င်း ၊ ဟဲ့ မ၀င်း´လို့ခေါ်သံကြားလို့ အိမ်ဆောက်ကိုဆင်းလာတာ
အဒေါ့်ယောကျာ်းထင်လို့ပေါ့ အိမ်အောက်ရောက်တော့ဘယ်သူမှမရှိဘူး ဒါနဲ့ အဒေါ်လည်း
အိမ်ပေါ်ပြန်တက်သွားတာပေါ့။ အဲဒီမှာစတာပဲ
အိမ်ပေါ်မှာ နက်မှောင်ပြီးပြောင်လက်နေတဲ့
မြွေဟောက်ကြီးတကောင် ပပျဉ်းကြီးထောင်ထားတာ။ အဒေါ်ဖြင့်မြွေကိုကြည့်ပြီးကြက်သေ
သေနေတာ။ ခဏနေတော့မှ သတိပြန်ဝင်လာပြီး
ဟဲ့ မြွေကြီး နင့်ကိုလည်းငါဒုက္ခရောက်အောင်မလုပ်ဘူး ငါ့ကိုလည်းဒုက္ခရောက်အောင်မလုပ်နဲ့
အဲလိုလဲပြောလိုက်ရော မြွေကြီးက နင့်မြေးတွေက ငါ့ဝိုင်းထဲလာပြီး ဘောလုံးကန်တာ
ငါနေတဲ့အိမ်ကို ဘောလုံးမှန်လို့ ငါ့အိမ်ပဲ့သွားတယ် နင့်ကလေးတွေငါ့အိမ်ဘက်မလာစေနဲ့။ လို့ပြောပြီးအောက်ကိုလျောဆင်းသွားတာ
အဒေါ်လည်း နောက် အဒေါ့မြေးတွေကို
အဲဝိုင်းထဲသွားမဆော့ခိုင်းတော့ဘူး´
ဒီလိုနဲ့ စကားဝိုင်းကျနေသည်မှာ ညနေမိုးချုပ်
ချိန်သို့ရောက်ခဲ့လေပြီ။ ကျွန်တော်တို့လည်း
အိမ်ပြန်ခဲ့လေပြီ။ နောက်တနေ့တွင် ကိုဟိန်းဇော်
ကျွန်တော့အိမ်ကိုလာသဖြင့် ဖြစ်ကြောင်းကုန်စင်
ကျွန်တော်ပြောပြလေသည်။ သို့သော် သူကမယုံ
`ဒါမျိုးတွေ ကျွန်တော်မယုံဘူးဗျာ၊ဒီခေတ်ကြီးထဲမှာ ဒါမျိုးတွေ မရှိတော့ဘူးဗျ။ ကျုပ်အဲဒီဝိုင်းဝယ်မယ်ဗျာ´ ကျွန်တောက`ဟာ
ဆရာလေး သေချာစဉ်းစားနော် ၀ိုင်းပိုင်ရှင်တွေကလည်း ပြောပြီးမှရောင်းတာ လျှို့ဝှက်ပြီး
ရောင်းတာမဟုတ်ဘူး၊ တော်ကြာဆရာလေး
ဒုက္ခရောက်နေမယ်။´ဆရာဝန်ကိုဟိန်းဇော်က
တော့ စစ်သားပီပီ စကားကိုပြတ်သားစွာပြောလေတော့သည်။
သိုက်စောင့်နဲ့ ဆရာဝန်လေး ၂
####################
`ကဲ ကိုခင်မောင် မနက်ဖြန် ကျုပ်နဲ့ ဟိုဘက်ရွာသွားမယ်၊ ၀ိုင်းကိုအဆင်ပြေရင်တခါတည်း
စာချုပ်ခဲ့မယ်။´ ဒီလိုနဲ့ ဆရာဝန်လေး နဲ့ ကျွန်တော် ဟိုက်ဘက်ရွာသွားရပါပြီ။ ဟိုရောက်တော့
ဝိုင်းကို သိန်း၆၀ ဈေးဆိုတယ်။ ဆရာဝန်လေးက
၄၀နဲ့ဈေးဆစ်တယ်။ နောက်ဆုံးတော့ ၄၃သိန်းနဲ့
အရောင်းအ၀ယ်ဖြစ်ခဲ့ပါတယ်။ နောက်တော့
ဆရာလေးက သူဝယ်ထားတဲ့ဧရိယာကို
ခြံစည်းရိုးခတ်လိုက်ပြီး ဆေးခန်းလေးဆောက်ထားပါတယ်။ ၀ိုင်းမြောက်ဘက်စည်းရိုးနားက
တောင်ဘို့တခုနဲ့ မလှမ်းမကမ်းမှာ ဆရာဝန်လေးက ရေတွင်းတူးထားပြီး ရေတွင်းနဲ့ဆန့်ကျင်ဘက်အရပ် ခပ်ဝေးဝေးမှာတော့ အိမ်သာတလုံးဆောက်လုပ်ထားပါတယ်။ သို့သော်ဆရာဝန်လေးက ဒီဆေးခန်းကိုဆောက်ထားသော်လည်း
လူနာများလာရောက်ပြသခြင်းမရှိပါ။ ဖျားနာကြလျှင် ဆရာဝန်လေးကိုဖုန်းဆက်ခေါ်၍
ဆရာဝန်လေးက လူနာအိမ်သို့သွားရောက်ကုသရသည်။ ဆရာဝန်လေးက မြို့ပေါ်တွင်လည်း အိမ် ခြံ များပိုင်ဆိုင်သည်။စစ်တပ်ထဲတွင်လည်းလိုင်းခန်းများရထားသည်။ ရွာဘက်တွင်
လည်း ၀ိုင်းလေးတ၀ိုင်းလိုချင်၍၀ယ်ထားခြင်းဖြစ်သည်။တနေ့ ဆရာဝန်လေး ဆေးခန်းထဲတွင်အိပ်
ပျော်နေစဉ် လေချွန်သံကြားရလေသည်။
လေချွန်သံမှာ အိမ်သာထဲမှာ လာသောအသံဖြစ်သည်။ ဆရာဝန်လေးက ဘေးပတ်ဝန်းကျင်ကို
လိုက်လံကြည့်ရှူသော်လည်းမည်သူမျှမရှိ
ထို့ကြောင့်အသံလာရာအိမ်သာအနားသို့သွားရောက်ကြည့်လေ၏။ မည်သူမျှမရှိ လေချွန်သံက
အိမ်သာထဲကကြားနေရဆဲ။ တံခါးကိုဆွဲဖွင့်လိုက်
သောအခါ အိမ်သာထဲတွင်အဘွားအိုတယောက် ဇောက်ထိုးကြီးဖြစ်နေ၍ ဆံပင်ဖြူများက ဖားယားကျနေပြီး မျက်နှာပြင်တွင် မျက်စိ
နှာခေါင်း ပါးစပ် မျက်ခုံးတို့မပါဘဲ ပျဉ်ချပ်လို
ပြင်ချောကြီးဖြစ်နေသည်ကိုတွေ့ရသည်။
အဘွားအိုက`နင်အခုထွက်သွား ငါ့နေရာကို
မလာနဲ့ ´လို့ပြောပြီး ပျောက်ကွယ်သွားလေတော့သည်။ ဆရာဝန်လေးအတော်ပင်လန့်သွားသည်။ ပါးစပ်ကလည်း `သရဲ သရဲ´ဆိုပြီး အော်ကာ အိပ်ယာကလန့်နိုးလာသည်။ ဆရာဝန်လေးအိပ်မက်မက်နေသည်ကိုသဘောပေါက်နားလည်သွားသည်။ `ဟူး-----------------
တော်သေးတာပေါ့ ´ဆရာလေးချွေးတွေလည်းပြန်နေသည်။ နောက်တနေ့တွင် ဆေးခန်းအတွင်း၌ ဘုရားစင်လေးပြုလုပ်ထားသည်။
သူ့အိမ်ကဘုရား၁ဆူလည်းပင့်လာသည်။
ပဌာန်း၊ပရိတ်တရားများကိုလည်းဖွင့်ထားသည်။
ဘုရားစဉ်အနား ပဌာန်း၊ပရိတ်များဖွင့်ထားရာရှေ့၌ ရေများ သဲများကိုချထားသည်။ ပရိတ်ပန်းအိုးများကိုလည်းချထားသည်။ သဲများပေါ်တွင်လည်း ကျောက်ခဲ ၄လုံးတင်ထားသည်။
ပဌာန်း၊ပရိတ် ဒေသနာတော်များကို တနေကုန်ဖွင့်ထားသည်။ နောက်တနေ့၌ ဆရာဝန်လေးက
ရေများဖြင့် ၀ိုင်းအတွင်းသို့လိုက်လံပက်ဖြန်းပါတော့သည်။ သဲများကိုလည်း ခြံစည်းရိုးအတိုင်း
ပက်ဖြန်းပါတယ်။ ၀ိုင်းအတွင်းကိုလည်းပက်ဖြန်းပါတယ်။ ကျောက်ခဲ ၄လုံးကိုတော့ ၀ိုင်းရဲ့ ထောင့်၎ထောင့်မှာ ၁ထောင့်ကို၁လုံးစီလိုက်ထားလိုက်ပါတယ်။ ဆရာလေးက ၀ိုင်းအတွင်း
ဘယ်နေရာမှမကျန် ရေ သဲ များကိုပက်ဖြန်းထားသည်။ တောင်ဘို့အပေါ်ကိုလည်းပက်ဖြန်းမိသည်။ ပရိတ်ပန်းများကိုတော့ ဆေးခန်းထရံ
များတွင် ထိုးထားတယ်။ နောက်တနေ့တွင်လည်း
ဆရာလေး ထိုကဲ့သို့ပင်အိပ်နေသည်။ အိပ်မက်မ
မက်တော့ပေ။ အားလုံးကအေးအေးဆေးဆေးဖြစ်နေတော့သည်။ ဆရာဝန်လေးမြို့ပြန်သွားပြီ။ သူ့စစ်ဆေးရုံတွင် ဂျူတီကျရက်ရောက်သောကြောင့်ဖြစ်သည်။ ကျွန်တော်လည်း
သူဝယ်ထားသောဝိုင်းရှိရာရွာသို့ရောက်ခိုက်
သူ့ဆေးခန်းအတွင်းသို့ဝင်ရောက်ကြည့်ရှူခဲ့သည်။
ခြံအတွင်းသို့ဝင်ရောက်နိုင်ခြင်းမှာ ကျွန်တော့ကို
ခြံသော့တွဲပေးထားခဲ့သောကြောင့်ဖြစ်သည်။
ခြံထဲတွင်ထူးခြားသည်မှာ ကလေးငယ်တဦး
ငိုနေသည်ကိုတွေ့ရသည်။ ကလေးကကျွန်တော့ကို နောက်ကျောပေးထိုင်နေသည်။
ကျွန်တော်ကလည်း `ဟေ့ကောင်လေး မင်းဘာလို့ငိုနေတာလဲ´လို့မေးတော့ ကောင်လေးက
`ဗိုက်ဆာလို့ပါတဲ့´ ကလေးကကျွန်တော့ဘက်လှည့်လိုက်တော့ အရှေ့ဘက်အိမ်က အဒေါ်ကြီး
ဒေါ်ဝင်းရဲ့မြေးလေးဖြစ်နေသည်။ ကျွန်တော်က
`မင်းက ဒေါ်ဝင်းရဲ့မြေးအငယ်ကောင်မဟုတ်လား´ ကလေးက`ဟုတ်ပါတယ် သားဗိုက်ဆာလို့
သားကို အမဲသား ၅ပိသာလောက်ကျွေးပါလား´
ဟိုက် သေချာနေပြီ ဒါလူမဖြစ်နိုင်ဘူး သရဲလား
ဒါမှမဟုတ်သရဲဝင်ပူးနေတာလား တခုခုပဲ
ကျွန်တော်တွေးနေစဉ်မှာပဲ ကျွန်တော့အနောက်က အရိပ်မည်းတခုဖြတ်ပြေးသည်ကိုသတိထားမိ
သည်။ ကျွန်တော့လွယ်အိပ်ထဲတွင် အထက်လမ်းဆရာကြီး ဦးအောင်မောင်း ပေးထားသော
ပုတီးလုံး၁၀လုံးပါသည်။
သိုက်စောင့်နဲ့ဆရာဝန်လေး ၃
####################
ပါလာတဲ့ပုတီး၁၀လုံးကို လက်ထဲဆုပ်ထားပြီး
နမောဗုဒ္ဓဿ ဆိုပြီး လက်သီးဆုပ်ကိုခေါင်းပေါ်တင် ဆရာ့အစွမ်းပုတီးလုံး၌တည်ပါစေ ဆိုပြီး
ပုတီး၂လုံးကိုနောက်ပြန်လှည့်မကြည့်ဘဲပစ်လိုက်သည်။ ထိုအချိန်တွင် ကလေးငယ်မှာလည်း
မျက်လုံးကြီးများနီလာပြီး အစွယ်ကြီးများထွက်လာသည်။လျှာကြီးလည်းထွက်လာသည်။ ထိုအခါ ကျွန်တော်က ပုတီး၃လုံးကိုင်ကာ ကလေးဟန်ဆောင်ထားသော သရဲကိုပစ်ပေါက်လိုက်သည်။ သရဲလည်းအလွန်နာကျင်လှ၍
အော်ကာ ဗြုန်းဆိုပျောက်ကွယ်သွားသည်။
ဘေးပတ်ဝန်းကျင်ကလူတွေကလည်း အော်သံ
ကြား၍ ရောက်လာကြသည်။ `ဟ မောင်ခင်မောင် မင်းဘာဖြစ်တာလဲ´ `ကျွန်တော်ဘာမှမဖြစ်ပါဘူးဗျာ´ ` အော်သံကြားလို့မောင်ခင်မောင်ရ´ `သြော် ဟိုဘက်က၀ိုင်းတွေဘက်ကအော်တာနဲ့တူတယ် ကျွန်တော်အော်တာမဟုတ်ဘူးဗျ´ `သြော် အေးပါကွာ ဒါဆိုလည်းငါတို့သွားပြီ´ `ဟုတ်ကဲ့ပါ ဦးလေးတို့ အကိုတို့
အခုလို ဂရုတစိုက်စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ ဦးလေးတို့ အကိုတို့နဲ့
မိတ်ဆွေဖြစ်ရတာလည်း ၀မ်းသာပါတယ်´
`အေးပါကွာ ကဲ သွားပြီဟေ့´
---------------------------------------
နောက်၃ရက်ကြာတော့ စစ်ဆရာဝန် ကိုဟိန်းဇော် လာပြန်ပါလေရော။ တွေ့ခဲ့ဖြစ်ခဲ့တဲ့ကိစ္စ
တွေပြန်ပြောပြတော့လည်း ငတိ ကမယုံဘူး
တော်တော်ပြောရဆိုခက်တဲ့လူပဲလို့မှတ်ချက်ချလိုက်တယ်။ ကိုဟိန်းဇော်နဲ့အတူ သူ့အမျိုးသမီးနဲ့ သူ့သားလေးပါ ပါလာသည်။
ဆရာဝန်ကိုဟိန်းတို့ မိသားစု၃ယောက်
အိပ်ယာဝင်ခဲ့ကြလေပြီဖြစ်သည်။
ညရောက်သောအခါ လေမိုးများကျလာလေသည်။ ဆရာဝန်ကိုဟိန်းဇော်ရဲ့သားက
မိုးနဲ့အတူ သဲကြီးမည်းကြီးငိုပါလေရောဗျို့။
ညကလည်းညည့်နက်လာနေပြီ လျှပ်စစ်မီးတွေကလည်းပျက် လေတွေကလည်းတိုက်
မိုးတွေကလည်း သဲသဲမည်းမည်းရွာ လျှပ်စီးလေလပ် တကယ့်ကြောက်စရာအကောင်းဆုံးည
ပါပဲ။ ရုတ်တရက် လေငြိမ်သွားသည်။ မိုးတိတ်သွားသည်။ လျှပ်စီးလပ်ခြင်းများရပ်သွားသည်။
ကလေးသည်လည်းရုတ်တရက် ရယ် နေသည်။
မကောင်းတော့တာအမှန်ပင် တရွာလုံးခွေးတွေအူကုန်ပြီ။ ဆရာဝန်လေး ပရိတ်ရေ ပဌာန်းရေများ ဖြန်းထားသောကြောင့် သူ့ဝိုင်းထဲကသိုက်က သိုက်စောင့်များ မနေနိုင်၍ ထွက်ပေးခဲ့ကြရသည်။ ယခုပြန်လာကြ၍ သူတို့တန်ခိုး
ကြီးမားလာကြောင်း ပြနေခြင်းဖြစ်သည်။
ခွေးတွေကရွာလမ်းမကြီးတလျှောက်အူနေကြသည်။ ထိုအချိန်တွင် အရှေ့ဘက်အိမ်က
ဒေါ်ဝင်း၏ ယောကျာ်းသည်လည်း ဓားထိုးခံရ၍
မန်ကျီးတောရွာ၌သေဆုံးကြောင်း ကြားသိရလေသည်။ ` ခွေးတွေကလည်းအူလိုက်တာနော် ကျွန်မကြောက်တယ် ကိုဟိန်း ကလေးကလည်း
စောစောက တအားငိုနေပြီး အခုတအားရယ်နေတယ် ဒါမရိုးသားဘူး ဒီဝိုင်းကများဖြစ်နေတာလားမသိဘူးနော် ကိုဟိန်း ဘယ်လိုလုပ်ကြမလဲ ´ `မလန့်ပါနဲ့မိန်းမရာ ဘုရားစာကိုရွတ်နေ ဘာမှမဖြစ်ဘူး´ ကိုဟိန်းမိန်းမက`ကလေးကိုရော´ ။ `ကလေးကိုငါ့ကိုပေး´အသံနက်ကြီးဖြင့်
ပြောလိုက်ခြင်းဖြစ်သည်။ ကိုဟိန်းအသံမဟုတ်ပါ
ဘယ်ကအသံမှန်းလည်းမည်သူမျှမသိပါ။
ကိုဟိန်းတို့လင်မယားသာကြားသောအသံဖြစ်သည်။ ကလေးမှာ ငိုလည်းမငို ရယ်လည်းမရယ်တော့ဘဲ အိပ်ပျော်သွားလေသည်။ ကိုဟိန်းက
`ဘာကောင်လဲကွ ကိုယ်ထင်ပြစမ်း´ လို့ပြောလိုက်တော့ `ဟားဟားဟားဟားမင်းရဲ့သားအသက်ကငါ့လက်ထဲရောက်နေပြီကွ´
ကိုဟိန်းအခြေအနေကိုနားလည်သဘောပေါက်ပါပြီ။ ကိုဟိန်းမိန်းမကလည်း ကြောက်အားကြီးပြီး
အိပ်ပျော်နေသောကလေးကိုပွေ့ထားပါသည်။
ကိုဟိန်းက ဘုရားစဉ်ပေါ်က ဘုရားကို လက်နဲ့
မပြီး ပင့်ဆောင်ကာ ကလေးဦးခေါင်းပေါ်သို့တင်ပေးလိုက်သည်။ ထိုအခါကလေးပြန်လည်နိုးထလာသည်။ ပြီးနောက် ဗုဒ္ဓရုပ်ပွားတော်ကို
လက်နှစ်ဖက်ဖြင့် ကိုင်ပြီး အထက်သို့မြှောက်ထားလိုက်လေသည်။ ထိုအခါ အသံနက်ကြီးဖြင့်
`အား----´လို့အော်ကာ အသံကြီးပျောက်ကွယ်သွားသည်။ ခွေးအူတာတွေလည်းရပ်သွားသည်။
ကိုဟိန်းလည်းအတော်ကြောက်သွားသည်။
အိပ်ယာကလန့်နိုး၍ နာရီကြည့်လိုက်တော့
ည ၂နာရီထိုးခါနီးနေပြီ။ သူ့မိန်းမနဲ့ ကလေးကတော့ အိပ်မောကျလို့နေပါတယ်။ ဆရာဝန်လေး
အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့ လရောင်ကဖွေးလို့။ ဆေးခန်းလေးအပြင်ဘက်ထွက်ပြီး
အိမ်သာဘက်ကိုသွားပါတော့တယ်။ကိုဟိန်းအိမ်သာကပြန်လာတော့ သူ့မိန်းမကနိုးနေပါတယ်။
နောက်တနေ့ရောက်တော့ ဆရာဝန်လေးက
တရားခွေတွေဖွင့် မေတ္တာတွေပို့ လုပ်ပါတော့တယ်။ အဲဒီနောက်တော့ ဆရာဝန်လေးက
သူဝယ်ထားတဲ့ဝိုင်းဘက်ကိုအရောက်နည်းသွားပါတယ်။ တခါတလေမှရောက်လာပြီး
လာတိုင်း ၀ိုင်းထဲ၌ တရားခွေဖွင့်
မေတ္တာပို့ အမျှဝေ ပေးပါတယ်။
သိုက်စောင့် နဲ့ ဆရာဝန်လေး၎
###################
ဆရာဝန်လေးမြို့ရောက်ပြီး ရွာဘက်အလာ
နည်းသွား၍ မလာတာကြာသဖြင့် ကျွန်တော်တို့
ရွာကလူတွေကတောင်မျှော်နေရပါတော့သည်။
ကျုပ်တို့ရွာထဲက အထက်လမ်းဆရာကြီးဦးအောင်မောင်း အိမ်ကိုကျုပ်ရောက်ခဲ့ပြီ။ `ဆရာကြီး ဆရာကြီးပေးတဲ့ပုတီးလုံးတွေက သိပ်စွမ်းတာပဲဗျာ သရဲနဲ့တွေ့တုန်းကသရဲထွက်ကိုပြေးရော´ `အေးကွ ခင်မောင်ရ အဲဒါ သိမ်ဝင်ပုတီးလုံးတွေကွ ပြီးတော့ ရွာဦးကျောင်းဆရာတော်ကလည်း မန်းပေးထားတာ ပြီးတော့ ငါတို့ရဲ့ဆရာ ဘိုးတော်ကလည်း သိဒ္ဓိတင်ပေးထားတာ အဲတော့ ပုတီးလုံးတွေက စွမ်းချင်တိုင်းစွမ်းနေတာပေါ့ကွ။ အဲဒီပုတီးတွေထဲက
ဟောဒီပုတီးလေးကိုအမြဲဆောင်ထား
ဘေးကင်းတယ် အန္တရာယ်ကင်းတယ်´
`ဟုတ်ကဲ့ပါဆရာကြီး´ ကျွန်တော်နဲ့ အထက်လမ်းဆရာကြီးတို့ ကျွန်တော်ဟိုတနေ့က ကြုံခဲ့ရတာကိုပြောရင်း စကားလက်စုံကျနေသည်။
>>>>>>>>>>>>>>>>>>>>>>>>>>>
သီတင်းကျွတ်လပြည့်ရောက်ပြန်လေသည်။
လပြည့်နေ့ညနေ ၄နာရီလောက် ဆရာဝန်ကိုဟိန်း ရွာသို့ရောက်လာသည်။ ၅နာရီလောက်တွင် ဆေးခန်းရှိရာရွာသို့ သွားလေသည်။
ကိုဟိန်းတွင် ဖယောင်းတိုင်အထုပ်များပါသည်။
အမွှေးတိုင်များလည်းပါသည်။ ညရောက်သောအခါ ၀ိုင်းအနှံ့ဖယောင်းတိုင်မီးများထွန်းလေသည်။ အမွှေးတိုင်များလည်းထွန်းထားသည်
မြောက်ဘက်တောင်ဘို့နားအရောက်တွင်
မြွေကြီးတကောင်ထွက်လိုက်လာသည်ကိုတွေ့ရသည်။ ဆရာဝန်ကိုဟိန်း အိပ်မက်မဟုတ်ဘဲ လက်တွေ့မြင်လိုက်ရသောကြောင့် နားထင်ကားသွားပြီး ခေါင်းကြီးလာသလိုခံစားရပြီ။ မြွေကြီးက ဘာအန္တရာယ်မှမပြုဘဲ အရှေ့ဘက်
သရက်ပေါ်သို့ တက်သွားလေသည်။ ခဏနေတော့မြွေတကောင်ပြန်ဆင်းလာသည်။ ထိုမြွေကတော့ သာမာန်မြက်ချော မြွေလောက်သာရှိသည်
သေးသေးလေးပါပဲ။ ဆရာဝန်ကိုဟိန်းကြောက်ပြီ
ဆိုင်ကယ်ဆွဲပြီး ကျွန်တော့ရွာသို့ လစ်လာပါပြီ
`ဗျို့ ကိုခင်မောင် ကိုခင်မောင် ယုံပြီဗျို့ ယုံပြီ´
အပြေးလာကာ ကျွန်တော့ကိုပြောပြနေသည်။
`တကယ့်မြွေကြီးပဲဗျို့ အကြီးကြီးပဲ တောင်ဘို့ထဲက ထွက်လာတာဗျာ ကျုပ်ကိုလည်းမကိုက်ဘူး သရက်ပင်ပေါ်တက်သွားတာ ပြန်ဆင်းလာတော့ မြွေသေးသေးလေးဖြစ်ပြီး တောင်ဘို့ထဲ
ပြန်ဝင်သွားတာ´ `ကျုပ်ပြောပါတယ် ဆရာဝန်လေးကမှ မယုံတာ´ `ခုတော့ယုံပါပြီဗျာ
ကျုပ်တို့ဘာဆက်လုပ်ကြမလဲ´ ကျွန်တော်လည်း
ဆရာအောက်မောင်းစီသာခေါ်လာခဲ့လေသည်။
`အေးကွ ဟောဒီဆရာဝန်လေးဝိုင်းထဲမှာ သိုက်ရှိနေတာကွ အဲဒီသိုက်စောင့်တွေက သရဲတွေကွ။
သိကြားသိုက်။ သူတို့နေရာရွေ့ခိုင်းရမယ်။
ဒီတော့ ဟိုးးးးးးတောင်ပေါ်ကစေတီနားကို သူတို့
ကိုရွေ့ခိုင်းရမယ်´ ကိုဟိန်းဇော်ကတော့
`ကူညီပါဆရာ ကျွန်တော်က
အယုံအကြည်မရှိပေမယ့် ခုလက်တွေ့ဆိုတော့
ယုံရပါပြီဆရာ ကူညီပါ´ `ကိုင်း ငါတို့ဆရာလေးဝိုင်းကိုသွားရအောင် လိုအပ်တာတွေယူခဲ့မယ် မင်းတို့အရင်ပြန်ကြ။ငှက်ပျောပွဲ
ပြင်ထား၊ အပ်ချည်ရှာထား´ `ဟုတ်ကဲ့ပါဆရာကြီး´ ဆရာကြီးခိုင်းတာတွေပြင်ဆင်ပြီး
ကျွန်တော်နဲ့ကိုဟိန်းဇော် ဆေးခန်းလေးထဲထိုင်နေတုန်းမကြာလိုက်ပါ။ ဆရာဦးအောင်မောင်း
ရောက်လာလေသည်။ `ဆရာကြွပါဆရာ´
`ကဲ စားပွဲခုံတလုံးယူခဲ့ အပ်ချည်ကြိုးယူခဲ့ ငှက်ပျောပွဲယူခဲ့´ လိုအပ်တာတွေဆရာကပြင်ဆင်ပြီး
သိုက်ကိုစတင်ရွေ့ခိုင်းလေတော့သည်။
`နမောဗုဒ္ဓဿ နမောဓမ္မဿ နမောသံဃဿ
နမောမာတာပိတုဿ နမောအာစရိယဿ
ဘုရားငါးဆူရဲ့အမိန့် အထက်ဆရာတို့ရဲ့အမိန့်နဲ့
ငါဆရာ လာတယ် ၀ိုင်းထဲမှာရှိတဲ့ သိုက်ချုပ်သိုက်စောင့် အကုန်ဒူးထောက်ပြီး ငါ့ကိုခစားစေ
ဘိုးတော်သိကြား မ စ ပါ။ ဘိုးတော်သိကြားရဲ့
သိုက်ကိုရွေ့ပေးဖို့ အမိန့်ပေးတော်မူပါ။
ဟိတ် သိုက်ချုပ် သိုက်အုပ် သိုက်စောင့်တွေ
ငါဆရာရဲ့အမိန့် ဘိုးတော်သိကြားရဲ့အမိန့်
ဒီည သိုက်ကိုအပြီးပြောင်း မပြောင်းရင်
နင်တို့ ခန္ဓာကိုယ်တွေလောက်မီးကျ ဓားပိုင်က
ဓားနဲ့ထိုး ကြိုးပိုင်ကကြိုးနဲ့ရိုက်စေ´
ဆရာကြီးဦးအောင်မောင်လည်းပြန်သွားလေပြီ
ညရောက်တော့ နွားချူကလုံသံတွေ ကလေးအော်သံတွေ နဲ့ဆူညံနေခဲ့ပြီ မနက်မိုးလင်းတော့
တောင်ဘို့ကြီး ပြိုကျနေသည်ကိုတွေ့ရသည်။
ဆရာဝန်လေးလည်း ထိုဝိုင်းထဲတွင် ယခုတော့
အိမ်တလုံးဆောက်ထားလေသည်။ ၀ိုင်းကြီးကလည်းသန့်သွားလေသည်။ ဘုန်းကြီးပင့်
အလှူလုပ်ပြီး အမျှအတန်းတွေလည်းပေးဝေခဲ့သည်။ အားလုံးငြိမ်းချမ်းခဲ့လေပြီမဟုတ်ပါလားဗျာ။

ပြီးပါပြီ
###########################
###########################
ပျားကောင်(ပျဉ်းမနား)
No comments:
Post a Comment