Monday, June 5, 2017

တကယ် ချဉ်လို့ပါ


Moe Swe ၏ ဓာတ်ပုံ
“ တကယ် ချဉ်လို့ပါ ”
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )
( အမှန် တကယ်ကြုံခဲ့သော သူ နေရာမှ ခံစား၍ ရေးသည်။
ဤဇာတ်လမ်းတွင် အမှန်တကယ်ပါဝင်ခဲ့သော ပုဂ္ဂိုလ်များ ၏ အမည်များကို
ချန်လပ်ထားပါသည် ။ )
“ ၀ါသနာအရရေးသားခြင်းဖြစ်သောကြောင့် အမှားအယွင်းရှိပါက ခွင့်လွှတ်ပေးစေလိုပါသည် ။
ဝေဖန်မှုများကို ကြိုဆိုပါသည် ။ :) ”

ဒီအဖြစ်အပျက်ကလေးက ၁၉၃၀ ခုနှစ်ဝန်းကျင်ခန့်က
မြန်မာနိုင်ငံ ၊ ကချင်ပြည်နယ်ရှိ ‘ ကသာ ’ ဟုခေါ်သော
မြို့ကလေးတစ်ခုမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့
ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ ။
ယခုဇာတ်လမ်းလေးကို ကိုယ်တွေ့ကြုံတွေ့ခဲ့ကြသူများကတော့
ဤ လောကတွင် သက်ရှိထင်ရှား မရှိကြတော့ပါ ။
မိသားစုအစဉ် အဆက် လက်ဆင့်ကမ်းသယ်လာခဲ့ကြတဲ့
ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ။
ဇာတ်လမ်းလေးက ဒီလို ……….
ရှေးအခါက လူကြီးသူမများ သွန်သင်ခဲ့ကြသည့်စကားအချို့ရှိပါတယ်
ညအခါ မည်သည့် အစာမှမစားနဲ့ မကောင်းတဲ့အရာတွေ
လာတတ်တယ် ၊ ညအချိန် အိမ်ပြင်ထွက်တဲ့အခါ
မိန်းကလေးဆို ဆံပင် အရှည်ဖားလျား မချထားနှင့်
ထို ဆံပင်ကို ဆာလောင်နေကြတဲ့ မကောင်းဆိုးဝါးတွေက
ခိုကပ်ပြီး အိမ်ထဲလိုက်လာလိမ့်မယ် ၊ ညအချိန်အပြင်မှ အိမ်ထဲဝင်မယ်ဆိုရင်
အိမ်ခြံအ၀မှာ တံတွေးထွေးပြီး ထိုတံတွေးကို ခြေဖြင့် သုံးချက်နင်းပြီး
ပါးစပ်မှ “ ဖက် ဖက် ဖက် ” လို့ သုံးကြိမ်ပြောပြီးမှ
အိမ်ထဲဝင် ရမယ် ၊ စသဖြင့် ဆိုရိုးစကားရှိခဲ့ကြသည် ။
ထိုစကားများသည်လည်း ယခုအချိန်အထိ
လူအများလက်ခံကျင့်သုံးလျှက်ရှိကြသည် ။
ကချင်ပြည်နယ် ၊ ‘ ကသာ ’ မြို့ကလေးမှာ
‘ ဒေါ်ဖွားမေ ’ ဟူသော အမျိုးသမီးကြီးတစ်ယောက်ရှိသည် ။
သူမတွင် အသက် ဆယ်နှစ်ဝန်းကျင်ရှိ သမီးကလေးတစ်ယောက်ရှိသည်။
ယောက်ျားဖြစ်သူက ငှက်ဖျားရောဂါဆိုးကြီးကြောင့် ကွယ်လွန်သွားခဲ့သဖြင့်
‘ ဒေါ်ဖွားမေ ’ ခမျာ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်ခဲ့ရလေသည် ။
‘ ဒေါ်ဖွားမေ ’ သည် ခင်ပွန်းအပေါ် အလွန်သစ္စာရှိလေသည် ။
တစ်ပင်လဲလျှင် တစ်ပင်ထူး ဟူသော စကားမှာ သူမအတွက် တော့
အသုံးမ၀င်ခဲ့ပါ ။ မိဘဆွေမျိုးများမှ နီးစပ်ရာနှင့် နေရာချပေးကြပေမယ့်
‘ ဒေါ်ဖွားမေ ’ က သူမ၏ ခင်ပွန်းသည်နေရာတွင် မည်သူ့ကိုမှ
အစားမထိုးခဲ့ပေ ။
သမီးလေးသည်သာ သူ၏ဘ၀ ၊
သမီးလေးသည်သာ သူမ၏ အသက် ဖြစ်ခဲ့လေသည် ။
အဲ့ဒီလိုနဲ့ ရက်တွေ လတွေ အလီအလီ ပြောင်းလဲလာခဲ့သောအခါ
‘ ဒေါ်ဖွားမေ ’ ၏ မိဘများသည်လည်း ဇရာ ကို မလွန်ဆန်နိုင်ကြပဲ
ရှေ့ဆင့်နောက်ဆင့်ပင် ‘ ဒေါ်ဖွားမေ ’ ကို ခွဲခွာသွားကြလေသည် ။
‘ ဒေါ်ဖွားမေ ’ ၏ မိဘနှစ်ပါးသည် တစ်ဦးတည်းသော သမီးဖြစ်သူ
‘ ဒေါ်ဖွားမေ ’ လူလောကတွင် မျက်နှာမငယ်စေရန်
မိသားစုလုပ်ငန်းနှင့် အမွေအနှစ်များစွာချန်ရစ်ခဲ့လေသည် ။
‘ ဒေါ်ဖွားမေ ’ လည်း မိဘ၏ အမွေအနှစ်ဖြစ်သော
လုပ်ငန်းများကို ဦးဆောင်ပြီးလုပ်ကိုင်လေသည် ။
မိန်းမသား ကလည်းဖြစ် လုပ်ငန်းအရာမှာလည်း
ကျွမ်းကျင်မှုမရှိ သည့်အပြင် စီးပွားရေးလောက၏
လူလိမ် လူညစ်များ ကြောင့် မကြာခင်မှာပဲ
မိဘနှစ်ပါးချိန်ရစ်ခဲ့သော စီးပွားရေးမှာ ပျက်သုန်းပြီး
‘ ဒေါ်ဖွားမေ ’ တစ်ယောက် သမီးကလေးကို
လက်ဆွဲပြီး သူမ၏မိဘများပိုင်ဆိုင်ခဲ့သော အိမ်မှဆင်းပြီး
မြို့အစွန် တစ်နေရာတွင် တဲသေးသေးကလေးတစ်လုံးကို
လက်ထဲတွင် ကျန်ရှိနေသော အမွေပစ္စည်းတစ်ချို့ဖြင့် ၀ယ်ယူပြီး
ကျန် အမွေအချို့ကို ထုခွဲရောင်းချကာ တဲကလေး၏
အနောက်ဘက်ခြံကလေးတွင် အသီးအနှံများကို စိုက်ပျိုးပြီး
တဲကလေး၏ မျက်နှာစာတွင်
ကုန်စုံဆိုင်ငယ်ကလေးတစ်ခုဖွင့်ထားလေသည် ။
‘ ဒေါ်ဖွားမေ ’ ၏ လက်ထဲရှိ အရင်းအနှီး အနည်းငယ်ဖြင့်
ဖွင့်ထားသော ကုန်စုံဆိုင်ကလေးမှာ ခြောက်ကပ်ကပ်နိုင်လွန်းပေသည် ။
‘ ဒေါ်ဖွားမေ ’ လည်း သမီးလေးနှောင်ရေးအတွက်
အလုပ်ကိုကြိုးစားပြီးလုပ်လေရာ မကြာခင်မှာပဲ
တစ်ချိန်က သူဌေးသမီးကလေး ‘ ဒေါ်ဖွားမေ ’ ၏
ကုန်စုံဆိုင်ကလေးမှာ တဖြည်းဖြည်း အရောင်းသွက်လာလေသည်
ယခင်က ကဲ့သို့ ခြောက်ကပ်ကပ်မနိင်တော့ပဲ
လိုအပ်သော ဟင်းသီးဟင်းရွက်များ စုံလင်လာခဲ့သည် ။
အခြေခံလူတန်းစားတို့၏ ဘ၀နေထိုင်မှုများကိုလည်း သူမ
တဖြည်းဖြည်း နားလည်လာခဲ့သည် ။
တစ်နေကုန် အပင်များပျိုးလိုက် ၊
ဈေးဆိုင်ကလေးမှာထိုင်ပြီး ဈေးရောင်းလိုက် ၊
အားလပ်သော အချိန်များတွင် အပိုဝင်ငွေရရန်
သိုးမွှေးထိုး ၊ အချိန်ရလျှင် သမီးကလေးဖြင့် ဆော့ကစားရင်ဖြင့်
သူမ၏ နေ့ရက်များကို ကုန်လွန်စေခဲ့သည် ။
နံနက် မိုးလင်းပြီဟေ့ ဆိုသည်နှင့် ‘ ဒေါ်ဖွားမေ ’
ပြာယာခတ်ပြီး အလုပ်တွေလုပ်လိုက်တာ ညမိုးချုပ်မှ
အလုပ်ကိစ္စတွေ ပြီစီးလေ့ရှိသည် ။
ထို့အတူ သူတို့သားအမိ ၏ ညစာစားချိန်ကလေးမှာလည်း
ညစဉ် ဆယ်နာရီကျော်လေ့ရှိသည် ။
တစ်ခုသော ညတွင် ‘ ဒေါ်ဖွားမေ ’ သူမ၏
သမီးငယ်ကလေးနှင့် ထမင်းလက်ဆုံစားနေချိန်တွင်
သူတို့နေထိုင်ရာ တဲကလေး၏ အိမ်ကြမ်းပေါက်မှ
ကြောင် ကြီးတစ်ကောင် အစာလာတောင်းလေသည်
“ ညှောင် …. ညှောင် …. ညှောင် .. ”
ထိုအချိန်တွင် ‘ ဒေါ်ဖွားမေ ’ က
“ ဟဲ့ သမီး ၊ သမီးလေးစားလို့ဝရင် ပန်းကန်ထဲက
သွန်ပစ်မယ့်ထမင်းနဲ့ အရိုး ( ဟင်းကန် ) တွေကို
ကြောင်ကလေးကို သွားကျွေး လိုက်
သူ့ခမျာ ဆာနေရှာတယ်ထင်တယ် ” ဟု
ပြောလိုက်တိုင်း သမီးဖြစ်သူမှာလည်း
သနားတတ်သူပီပီ ပန်းကန်ထဲမှ ထမင်းလေးတွေကို
ကြမ်းပေါက်အနားတွင် စုပုံပြီး အစာတောင်းနေသော
ကြောင်ကလေး ကို သွားကျွေးလေသည် ။
‘ ဒေါ်ဖွားမေ ’ ၏ သမီးလေး ကျွေးသော အစာကို
ကြောင်ကလေးမှာ ခေါင်းမဖော်အောင် စားပြီး
ကျေးဇူးတင်သည့်အနေဖြင့်
သူမတို့သားအမိအားတစ်ချက်ကြည့်ပြီး
ကြမ်းပေါက်မှတစ်ဆင့် အိမ်အောက်သို့ဆင်းသွားပြီး
ပြန်လေ့ရှိသည် ။
ထို ကြောင်ကလေးသည် သူ့ကို
ကျွေးမှန်းသိ၍ ညစဉ် ‘ ဒေါ်ဖွားမေ ’ တို့ အိမ်ကလေးသို့
အချိန်မှန်မှန်ပင် ‘ ဒေါ်ဖွားမေ ’ တို့ ထမင်းစားပြီးချိန်
ဆယ်နာရီခွဲ ၊ ဆယ့်တစ်နာရီခန့်တွင်
လာလေ့ရှိသည် ထူးဆန်းသည်က နံနက်ပိုင်းတွင်
ထို ကြောင်ကလေးကို မြင်တွေ့ရလေ့မရှိ
ဒီလိုနဲ့ ရက်အတန်ကြာခဲ့လေသည် ။
တစ်ခုသောညတွင် ‘ ဒေါ်ဖွားမေ ’ တစ်ယောက်
သူမ၏သမီးကလေးနှင့် ထမင်းလက်စုံစားပြီးချိန်တွင်
ပုံမှန်လာနေကျ ကြောင်ကလေး
တ ညှောင် …. ညှောင် နှင့် ရောက်လာလေသည် ။
‘ ဒေါ်ဖွားမေ ’ ၏သမီးဖြစ်သူမှာလည်း
ထုံးစံ အတိုင်း ထမင်းကျန်ဟင်းကျန်များကို
စပြီးနယ်ကာ ကြောင်ကလေးကို ပုံကျွေးလေသည် ။
ကြောင်ကလေးမှာ ထမင်းနှင့်ဟင်းကို
အတန်ကြာ အနံ့ခံနေပြီး စားချင်သလိုလို မစားချင်သလိုလို
လုပ်နေလေသည် ၊ ‘ ဒေါ်ဖွားမေ ’ နှင့် သမီးလေးမှာ
ထူးစမ်းသော ကြောင်ကလေးကို အကဲခတ်နေလေသည်
ထို့နောက် ကြောင်ငယ်ကလေးမှာ ခါတိုင်းလိုမဟုတ်ပဲ
အစာကို ဖြည်းညင်းစွာ စားလေသည် ။
‘ ဒေါ်ဖွားမေ ’ က “ သမီးကြောင်ကလေး က
ဒီနေ့ထူးဆန်းနေပါလား ၊ သူနေမကောင်းလို့များလားမသိဘူး ”
ဟုပြောလိုက်လေရာ သမီးဖြစ်သူက “ မဟုတ်လောက်ဘူးမေမေ
မေမေဒီနေ့ချက်တဲ့ဟင်းကို သူမကြိုက်လို့လားမသိဘူး ”
ဟုပြောလိုက်သည် ။ ထိုအခါ ‘ ဒေါ်ဖွားမေ ’ က
“ ဟား …ဟားး… ငါ့သမီးပြောတာဟုတ်မယ်
မေမေက ဒီနေ့ မုန့်ညှင်းချဉ် နဲ့ ဒီကြောင်ကလေးကို
နယ်ပြီးကျွေးလိုက်တာ သူက အချဉ်မကြိုက်ဘူးထင်တယ် ”
ဆိုပြီး အမှုမဲ့ အမှတ်မဲ့ ပြောလိုက်လေသည် ။
သူတို့ သားအမိကျွေးသမျှကို ကြောင်ကလေးက
မကြိုက်သလို ကြိုက်သလိုနှင့် အကုန်စားသောက်ပြီး
ခါတိုင်းလိုပင် သူပြန်ခါနီးတိုင်း နှုတ်ဆက်သွားလေ့ရှိသလို
‘ ဒေါ်ဖွားမေ ’ တို့သားအမိကိုကြည့်လေသည် ။
ထို့နောက် အစွယ်များဖွေးနေသော
ကြောင်ကလေး၏ ပါးစပ်မှ လှုပ်ရှားလာပြီး
လူတစ်ယောက်ကဲ့သို့ စကားပြောလိုက်လေသည်
“ ဟင့် … ဟင်းကလည်း ချဉ်လိုက်တာ ”
ဟုပြောပြီး သူပြန်နေကျ အပေါက်ကလေးမှ
အိမ်အောက်ကိုဆင်းသွားလေသည် ။
‘ ဒေါ်ဖွားမေ ’ တို့ သားအမိနှစ်ယောက်လည်း
တစ်ခဏမျှ ကျောက်ဖြစ်သွားပြီး ကြောက်ကလေး
တဲအောက်ကို ဆင်းသွားမှ သတိပြန်ဝင်လာကာ
သားအမိနှစ်ယောက် တစ်ယောက်ကို တစ်ယောက်
ဖက်ထားပြီး ကြောက်ရွံ့နေကြသဖြင့်
အသံပင်မထွက်ရဲပေ ။
မျက်လုံးအစုံမှာလည်း ကြောင်ကလေးဆင်းသွားသော
အိမ်ကြမ်းပေါက်ကိုသာကြည့်နေမိသည် ။
ကြောင်က စကားပြောသွားသည်ကို တစ်ကြိမ်မှမမြင်ဘူး ၊
ထိုကြောင်လေး ပြန်ရောက်လာလျှင် မည်သို့လုပ်ရမည်နည်းဟူသော
မေးခွန်းပေါင်းများစွာနှင့် သားအမိနှစ်ယောက် မအိပ်ရဲတော့ပဲ
ဘုရားစာများကိုသာ တစ်ညလုံးမိုးလင်းထိ ထိုင်ရွတ်နေမိလေသည် ။
နောင်ညများတွင် ‘ ဒေါ်ဖွားမေ ’ က ထိုကြောင်ကလေးကို
ကြောက်၍ ကြောင်ကလေး ၀င်လာလေ့ရှိသော ကြမ်းပေါက်ကို
သစ်သားဖြင့် ပိတ်ထားလိုက်လေသည် ။
သားအမိနှစ်ယောက် ညစာကိုလည်း
ခုနှစ်နာရီထိုးအပြီးစားကြလေသည် ။
ထို့နေကမှစပြီး စကားပြောသွားသော
ထူးဆန်းသည့် ကြောင်သည်လည်း ‘ ဒေါ်ဖွားမေ ’
တို့ အိမ်သို့ ယနေ့တိုင် မလာတော့ပေ ။
ကြောင် အစစ်ဖြစ်နိုင်မဖြစ်နိုင်ကတော့
စာဖတ်သူတို့ အတွက် မေးခွန်းပေါ့ဗျာ ။
~ မိုးစွေ ~

No comments:

Post a Comment