Monday, June 5, 2017

အာဠာဝက ဖိုးစိန် နှင့် သင်္ချိုင်းက သဘက်ကြီး

💫အာဠာဝက ဖိုးစိန် နှင့် သင်္ချိုင်းက သဘက်ကြီး💫
ဖိုးစိန်.. .။
လူပျိုဘဝက မယ်ဒလင် ဖိုးစိန်ဟူသော နာမည်တလုံးဖြင့် ကြခတ်ပင်ရွာ အနီးတဝိုက်ဒေသတွင် ချစ်စန်းမောင် ဒိုးပတ်ဝိုင်းနှင့်အတူ မယ်ဒလင်လက်သံက နားထောင်ရသူတို့၏ ရင်တွင်းနားယံကို တသွင်သွင်စီးဆင်းစေခဲ့သူ။မယ်ဒလင်လက်သံတင်မဟုတ် သီဆိုမှုအသံပိုင်းမှာလည်း ဆရာကျအောင် ညက်ညောလှသည်။ရုပ်ရည်လေးကလည်းရှိ သဖြင့် ထိုခေတ်ထိုအခါက ပျိုမဒီများ၏အသဲမှာမင်းသားတပါးလို၊ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်ခဲ့သူ။ထိုသို့ဝိုင်းဝိုင်းလည်နေသော ပျိုဖြူချောများထဲမှ ကညင်တပင်ရွာသူ ကွမ်းတောင်ကိုင် စွာတေးလန် မအေးမြကိုရွေးချယ် လက်ထပ်ယူခဲ့သည်။ ပိုက်ဆံရှိမိဘများမှ ဆတ်ဆတ်ကြဲမအေးမြနှင့် သဘောမတူသည့်ကြားထဲက ဖိုးစိန်က ရအောင်ယူခဲ့သဖြင့် အမွေဖြတ် စွန့်လွတ်ခဲ့သည်။မိန်းမရပြီးတော့ မအေးမြရွာ ကညင်တပင်ရွာမှာပင် နေထိုင်ပြီး ချစ်စန်းမောင် ဒိုးပတ်ဝိုင်းနှင့်အတူ ရွာနီးချုပ်စပ် နေရာများတွင် အလှူပွဲ၊ မင်္ဂလာ ပွဲများ၌ မယ်ဒလင်စွမ်းကိုပြ၍ ငွေကြေးရှာဖွေခဲ့သည်။အလှူပွဲ၊ မင်္ဂလာ ပွဲ ရှားပါးသော မိုးကာလတွင်တော့ ကြုံရာကျဘမ်းပေါ့။မိန်းမရှိနေသော်လည်း ဖိုးစိန်၏အနုပညာအစွမ်းကြောင့် စန်းကတော့ကျမသွား၊ရောက်လေရာနေရာတွင် မိန်းကလေးများဝိုင်းဝိုင်းလည်နေလေသည်။ထို့ကြောင့် စွာတေးလန်မအေးမြ မှာ လူကြားသူကြားမရှောင် လိုက်လံသောင်းကျန်းခဲ့ရတာအကြိမ်ကြိမ်၊ဖိုးစိန်လည်း အရှက်ကွဲရတာအခါခါ။သို့သော် မိန်းမကို လွန်ဆန်နိုင်သော သတ္တိ ဖိုးစိန်မှာမရှိပဲ အနုပညာကိုနားမလည်တဲ့မိန်းမ ဟူ၍သာ မအေးမြ ကွယ်ရာမှာ ပြောတတ်သည်။
ဖိုးစိန်၏ ပုံစံကို တဆစ်ချိုးပြောင်းလဲစေမည့် အကြောင်းအရာက မအေးမြနှင့်ပေါင်းသင်းပြီး ၅နှစ်အကြာ၊ သားတစ်ယောက် သမီးတယောက် ကလေးနှစ်ယောက်ထွန်းကားပြီးအချိန်မှာ ဖြစ်ပေါ်လာသည်။ မည်သူ့ကိုမျှ မပြောမဆို ဖိုးစိန် ရွာမှရုတ်တရက်ပျောက်သွားရာမှ စ လေသည်။မိန်းမဖြစ်သူနှင့် ဆွေမျိုးအသိုင်းအဝိုင်းများက စုံစမ်းသော်လည်း ဘာသတင်းအစအနမှ မရချေ။ခြောက်လခန့်ကြာတော့မှ ဖိုးစိန် ဆိုင်းမဆင့် ဗုံမဆင့် ရွာကို ပြန်ရောက်လာသည်။ဝိုင်းဝန်းမေးမြန်းတော့ လူတစ်ယောက်က သူ၏သားဖြစ်သူအား မယ်ဒလင်ပညာတတ်အောင်သင်ကြားပေးလျင် အခကြေးငွေအပြင် အစွမ်းထက်ဆေးတမျိုးပေးမည်ဟုပြောလာသဖြင့် စိတ်ဝင်စားပြီး ဓာတ်တော် အမည်ရှိရွာကိုလိုက်သွားခဲ့ကြောင်း၊ထိုသူ၏အိမ်မှာပင်နေ၍ ၄င်းကောင်း၏ကလေးအား မယ်ဒလင်တီးခတ်မှုပညာကို သင်ကြားပေးခဲ့ကြောင်း၊ တတ်မြောက်သွားသောအခါ ဖိုးစိန်ကို ကတိအတိုင်း အာဠာဝကဟုခေါ်သော ဝိဇ္ဇာဆေးတမျိုးထိုးပေးခဲ့ကြောင်း၊ ဆေးအောင်သောအခါ ပညာသင်ခ အခကြေးငွေယူ၍ ပြန်လာခဲ့ကြောင်း ပြောပြသည်။
ဖိုးစိန်မှာအာဠာဝကဆေးအကြောင်းကို မသိပါ။ အစွမ်းထက်သည်ဟုသာကြားဖူးသည်။ဓာတ်တော်ရွာသား ဆရာလှမြိုင်က နက္ခတ်စုံသောညတစ်ည၌ ဖိုးစိန်အပါအဝင် လူသုံးယောက်အား လူရင်စို့ခန့်အမြင့် ရာဇမက်ကာအတွင်း အုန်းပွဲ၊ငှက်ပျောပွဲနှင့် ဂါထာမန္တန်များရွတ်ဖတ်၍ ရင်ဘတ်တွင် အာဠာဝကဘီလူးရုပ်၊ ကျောတွင်ဂါထာစုတ်ရေးထိုးကာ အာဠာဝကဆေးစွမ်းကို တန်းခိုးစမ်းစေခဲ့သည်။ဂါထာမန္တန်နှင့် အာဠာဝကဆေးထိုးပြီးသူသည် ထိုင်ရာမှထ လက်ခမောင်း သုံးချက် တဖျောင်းဖျောင်းခတ် ညာခြေသုံးချက်ဆောင့်ကာ "အာဠာဝကတဲ့....ဟေ့"ဟုညာသံပေးအော်ဟစ်ပြီး ရာဇမက်ကာအပြင်သို့ ခုန်ထွက်ရလေသည်။သုံးယောက်တွင် ဖိုးစိန်တယောက်သာ လွတ်လွတ်ကျွတ်ကျွတ်ခုန်ထွက်နိုင်ခဲ့ပြီး အာဠာဝကဆေး အမြင့်ဆုံးထူးချွန်ပေါက်မြောက်ကာ ကျန်နှစ်ယောက်မှာ လွတ်လွတ်ကျွတ်ကျွတ်ခုန်မထွက်နိုင်ခဲ့သဖြင့် သာမာန်မျှသာ ပေါက်မြောက်ခဲ့လေသည်။
ဖိုးစိန် ...။
ယခင်နှင့်မတူ ပြောင်းလဲသွားခဲ့လေပြီ။ အရက်ကို တခါတရံ အပေါင်းအသင်းစုံမှ သောက်တတ်သော ဖိုးစိန် နေ့စဉ်အရက်ဝိုင်းမှာရှိနေတတ်သည်။မိန်းမကို လက်ဖျားနှင့်တောင်မထိတတ်သော အနုပညာသမား ဖိုးစိန် မအေးမြ ပစိပစပ်များလာသည်နှင့် ဖုန်းဖုန်းဖိုင်းဖိုင်း ဝုန်းဒိုင်းကြဲပစ်တာ။ ဆတ်ဆတ်ကြဲ မအေးမြမှာ ဟဟလေးတောင် မပြောရဲတော့။ဒေါသကြီးလာလျင်လည်း လူလေးငါးယောက်ဝိုင်းဆွဲ ဟောဟဲသာဆိုက်သွားမယ် ထိန်းမနိုင်။ တခါက....ဖိုးစိန်အရက်ဝိုင်းမှာ သောက်ဖော်သောက်ဖက်များနှင့် ထိုင်နေစဉ် တရွာတည်းနေ အောင်ဖေ အမောတကောပြေးလာပြီး
"ဖိုးစိန်...ဖိုးစိန် မင်းညီ အောင်ကြီးတို့အုပ်စု ရွာအနောက်ထိပ်မှာ ဇီးကုန်းသားတွေနဲ့ရန်ဖြစ်တာ ဟိုဘက်က အုပ်စုတောင့်တော့ အောင်ကြီးတို့ ခံနေရတယ် သေတော့မလားပဲ"
အောင်ဖေ စကားဆုံးသည်နှင့် ဖိုးစိန်ပြေးထွက်သွားတာ အတူထိုင်နေသည့် သူငယ်ချင်းတွေတောင် တားချိန်မရလိုက်။တမုဟုတ်ချင်း ရန်ပွဲနေရာကိုရောက်သွားတာ။ ဖိုးစိန်ရောက်သွားတော့ ညီဖြစ်သူအောင်ကြီးနှင့် တယောက်မှာ ဝါးချွန်များ ၊တုတ်များ၊ကိုင်ဆောင်ထားသော လူအယောက်နှစ်ဆယ်ခန့် ကြားထဲ အလူးအလဲ သွေးသံရဲရဲခံနေရပြီး သုံးယောက်က လဲနေပြီ။ (ထိုခေတ်အခါက လူတစ်ရပ်ကျော်ခန့်မြင့်သော ဝါးကိုအဖျားချွန်၍ မီးသင့်ထားသော ဝါးချွန်ကို အိမ်တိုင်းမှာ ဆောင်ထားတတ်ကြသည်။ ညစဉ် ဝါးချွန်ကိုင်၍ ရွာတိုင်း မိမိရွာလုံခြုံရေး အလှည့်ကျကင်းစောင့်ကြရသည်။ တရားဥပဒေ စိုးမိုးမှုမရှိသဖြင့် တရွာနှင့်တရွာ ရန်ဖြစ်ကြပြီဆိုလျင်လည်း ရွာလုံးကျွတ် ထွက်ဆော်တဲ့ခေတ်၊သေရင်အလောင်းကောက်ပြန်၊ဒဏ်ရာရလျင် ကိုယ့်နည်းကိုယ့်ဟန် ကုသကြသည်။)ထိုမြင်ကွင်းကိုမြင်တော့ ဖိုးစိန်သေွးများ ပွက်ပွက်ဆူလာကာ လက်ခမောင်း ဖျောင်းဖျောင်းခတ် "အာဠာဝကတဲ့...ဟေ့"ဟုအော်ကာ လူအုပ်ကြားထဲပြေးဝင် ခြေ၊ လက်၊ ခေါင်း၊ဒူး၊ တံတောင် ပလူပျံအောင် ဝုန်းဒိုင်းကြဲလိုက်တာ ဝါးချွန်များ၊ တုတ်များကိုင်ဆောင်ထားသော လူအယောက်နှစ်ဆယ်ခန့်မှာ လဲသူလဲ ကွဲသူကွဲ ပြဲသူပြဲ သရဲသဘက်မြင်ရသလို လန့်ပြီးပြေးသူပြေးဖြစ်ကုန်ကြသည်။ ဖိုးစိန်မှာ ဒဏ်ရာ ဒဏ်ချက် များရရှိသွားသော်လည်း ဖြုတ်ကိုက်သလောက်တောင် နာကျင်ဟန်မရှိ။ ညီဖြစ်သူ အောင်ကြီးကို ပခုံထမ်း ထွက်လာခဲ့သည်။ ထိုအခါမှပင် ဝိုင်းကူရန်ရွာသားများရောက်လာပြီး ဇီးကုန်းသားများကို ဆွမ်းကြီးဝိုင်းလောင်းတာ မသေရုံတမည်။ဖိုးစိန်မှလည်း မယ်ဒလင်ဖိုးစိန်နာမည်ပျောက်ပြီး အာဠာဝက ဖိုးစိန်ဟု နာမည်တွင်ကာ တရွာလုံး၏ လေးစားမှုကိုရခဲ့လေသည်။အာဠာဝက ဖိုးစိန် ဘယ်လောက်နာမည်ကြီးသွားသလဲဆိုရင် ထိုအချိန်က တနယ်လုံး၏ ပွဲပြီးမီးသေလူမိုက် ပေါင်တိုကပင် ရှောင်ရလေသည်။ သို့သော် ဖိုးစိန်က ပေါင်တိုကဲ့သို့ လူတကာရွံ့ကြောက်ရသော လူမိုက်မဟုတ်၊မဟုတ်မခံ မတရားတာတွေ့လျင် ကူညီတတ်သဖြင့် အများကလေးစားချစ်ခင်ခြင်း ခံရသူ။ သူ့မိန်းမ မအေးမြ တစ်ယောက်သာ ဖိုးစိန်ကို ရွံ့ကြောက်သည်။
အာဠာဝက ဖိုးစိန်က ရန်ဖြစ်သည့်နေရာမှာသာ စွမ်းသည်မဟုတ်။ ဝေဒနာသည်တစ်ယောက်၏ အသက်ကို ကုသပျောက်ကင်းရာတွင်လည်း စွမ်းခဲ့ပါသည်။မအေးမြနှင့် ကလေးငါးယောက်ထွန်းကားပြီးနောက် သားသမီးများ၏ စားဝတ်နေရေး၊ ပညာရေးအတွက် အနုပညာအလုပ်မလုပ်တော့ပဲ အုန်းဆံကြိုး၊ အုန်းတံမျက်စည်း၊ အုန်းခြေသုတ်ခုံ ၊နှီးတောင်း၊ ခံတောင်း၊ စကော၊ ဇကာ၊စသည့်ပစ္စည်းတို့ကို ကိုယ်တိုင်ပြုလုပ်၍ နယ်စဉ်အနှံ့ လိုက်လံရောင်းချသော အလုပ်ကိုလုပ်ကိုင်ခဲ့လေသည်။ထိုသို့လိုက်လံရောင်းချရင်း ဝါးဘလောက်သောက်ရွာသို့အရောက် အသိတစ်ယောက်အိမ်၌ တည်းခိုရင်း ညနေစောင်းတခုတွင် အသိက
"ဖိုးစိန်...ငါလူနာတစ်ယောက် သတင်းသွားမေးမလို့ လိုက်ခဲ့ပါလား မိတ်ဖြစ်ဆွေဖြစ်ပေါ့ "ဟု အခေါ်ရှိသဖြင့် ဖိုးစိန်လည်း ပျင်းပျင်းနှင့် လိုက်သွားခဲ့လေသည်။ လူနာအိမ်ရောက်တော့ အသိက အိမ်ပေါ်တက်ပြီး လူနာသတင်းသွားမေးစဉ် ဖိုးစိန်က အိမ်ရှေ့ကွပ်ပျစ်တွင် တခြားဧည့်သည်များနှင့် အလာပ သလ္လပ စကားများပြောရင်း နေရစ်ခဲ့လေသည်။ လူနာအိမ်မှာ ငွေကြေးပြည့်စုံဟန်ရှိပြီး လူနာသတင်းမေးသူများ ဧည့်သည်များနှင့်စည်ကားလှသည်။လူနာမှာ အသက် ၄၀ခန့်ရှိ၍ နားအတွင်း ပိတုန်းတကောင်ဝင်ပြီး ကိုက်နေသဖြင့် ခေါင်းကြီးတစ်ခုလုံးနှင့် မျက်နှာမှာ ရောင်ကိုင်းဖောင်းကြွပြီး နားနှင့်အာရုံကြောအတွင်း နာကျင်ကိုက်ခဲလွန်းသဖြင့် တအီးအီး တအားအားနှင့် တချိန်လုံး အော်ဟစ်နေရလေသည်။ ဘယ်ဆရာမှ ပိတုန်းကိုထုတ်မရ ကုမရဖြစ်နေသဖြင့် လက်လျော့ထားကာ သေနေ့ကို ဝေဒနာကြီးစွာ စောင့်နေရသူဖြစ်သည်။ဖိုးစိန်မှာ ကွပ်ပျစ်တွင် အခြားဧည့်သည်များနှင့် ရေနွေးကြမ်းသောက် စကားပြောနေရင်း ထိုလူနာ၏ တအီးအီး တအားအား အော်ငြီးသံက သူ၏နားအတွင်း သံရေပူလောင်းထည့်နေသလို၊ အသည်းနှလုံးအား အပ်နဲ့ဆွနေသလိုခံစားနေရကာ အလိုလိုနေရင်းဒေါသထွက်နေလေတော့သည်။ အတန်ြကာတော့ ဖိုးစိန်မှာ သီးမခံနိုင်တော့ဟန်နှင့် ဝုန်းကနဲ့ထရပ်ပြီး လက်ခမောင်းများထခတ်ကာ "အာဠာဝကတဲ့.....ဟေ့"ဟု ဟစ်ကြွေး၍ ခုန်ပျံကျော်လွားလျက် လူနာထံသို့ပြေးဝင်သွားလေသည်။ လူအများမှာ ရုတ်တရက်မို့ ကြောင်အကာ မတားဆီးနိုင်မှီမှာပင် ဖိုးစိန်က လူနာအနားသို့ ရောက်ရှိသွားပြီး လူနာ၏ နားအုံနှစ်ဖက်ကို လက်နှစ်ဖက်နှင့် တဖုန်းဖုန်းညှပ်ရိုက်ပစ်လိုက်လေသည်။ လူနာမှာ ကြောက်ရွံ့ နာကျင်လွန်းသဖြင့် အော်ဟစ်ငိုယို၍ မျက်ရည်များ ပေါက်ပေါက်ကျလာမှ လူနာရှင်များ ဧည့်သည်များ သတိဝင်လာကာ
"ဟာ"
"ဟင်"
"လုပ်ကြပါဦး"
"ဲဆွဲကြပါဦးဟ"
ဖြစ်ကုန်ကြလေသည်။ ဖိုးစိန်က လူအများအား မျက်ထောင့်နီကြီးဖြင့် ကြည့်လျက် လက်ဝါးဖြန့်ပြလျင် အားလုံးမှာ အံအားသင့်ကုန်ကြလေသည်။ ဖိုးစိန်၏ လက်ဝါးထဲမှာ ကြေမွပြီး တစ်စီဖြစ်နေသည့် ပိတုန်းတစ်ကောင်။ပိတုန်းမှာ နားထဲသို့ ဝင်သွားတုန်းက ဘယ်လိုဝင်သွားမှန်းမသိ ၊ အကောင်ကြီးလွန်းသဖြင့် ထုတ်မရ ကုမရဖြစ်နေရာ ဖိုးစိန်၏ အာဠာဝကအစွမ်းနှင့်တွေ့မှ ကြေမွက အပြင်သို့ထွက်လာလေသည်။ ဝေဒနာကိုပြင်းထန်စွာခံစားရင်း သေနေ့စောင့်နေရသော လူနာမှာ ချက်ချင်းသက်သာပျောက်ကင်းသွားသဖြင့် ဖိုးစိန်ကို ကုန်းကုန်းပြီးကန်တော့နေသည်မှာ မနည်းတားယူရလေသည်။ ဖိုးစိန် ပြန်တော့လည်း ငြင်းနေသည့်ကြားက ကျေးဇူးတင်လွန်းလို့ဟု ဆိုကာ လက်ဆောင်များ ပေးလိုက်သည်မှာ မနည်းမနော။နောက်နောင် ထိုရွာသို့ရောက်လျင်လည်း ၄င်းတို့အိမ်မှာပင် တည်းခိုစေ၍ ဖိုးစိန်ကို လိုလေသေးမရှိ ပြုစုလေသည်။
အာဠာဝကဖိုးစိန် ဘယ်လောက်စွမ်းစွမ်း အိုနာဘေးတော့ ရှောင်ပြေးမလွတ်ပါ။အသက် ၄၀ခန့်တွင် မင်္ဂလာဆောင်တစ်ခု၌ ဝိုင်ဝန်းကူညီလုပ်ကိုင်ရင်း တစ်ညလံုးအရက်သောက်။အပေါ့သွားလိုက်ဦးမယ်ဆိုပြီး ထွက်သွားလိုက်တာ ပြန်မလာ။ လူတွေကလည်းများသဖြင့် ဘယ်သူမှသတိမထားလိုက်မိ။မနက်မှ မင်္ဂလာဆောင်လာကြသူများ လယ်ကွင်းထဲမှာ လဲကျနေသည့် ဖိုးစိန်ကို တွေ့ကြရလေသည်။ညာဖက်တစ်ခြမ်းလုံး လေဖြတ်ကာ အိပ်ယာထဲလဲခဲ့ရလေသည်။ဒီလောက်ဖြစ်တာတောင် သားနှစ်ယောက် ရန်ဖြစ်လို့ ရဲဖမ်းပြီး အချုပ်ထဲထည့်တယ်ဆိုတဲ့ သတင်းလည်းကြားရော ဒေါသဖြစ်ပြီး ထခုန်ကန်တာ အိမ်ခေါင်တောင်ထိတယ်ဆိုပဲ။မဟုတ်ပါဘူး၊ သတင်းအမှားကြီးပါ၊ သားနှစ်ယောက် အေးအေးဆေးဆေးရှိပါတယ်လို့ လိမ်ပြောတော့မှ ပြန်ပျော့ခွေကျပြီး အိပ်ယာထဲ ပြန်လဲတယ်တဲ့။ အာဠာဝကဝင်တာ ကြမ်းချက်ကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပဲ။
၂နှစ်လောက်အိပ်ယာထဲ လဲနေရာက ဆရာသမားကောင်းနဲ့တွေ့ပြီး လေဖြတ်ရောဂါ ပျောက်ကင်းခဲ့ရလေသည်။လူကောင်းပြန်ဖြစ်တာနဲ့ အရက်လည်း ပြတ်သွားပါတယ်။ ချွတ်ခြုံကျသွားတဲ့စီးပွားရေး၊ သားသမီးတွေ ပညာရေး ၊ ရှေ့ရေးအတွက် ယခင်လုပ်နေတဲ့ အုးန်ဆံကြိုး၊ တံမျက်စည်း၊ တောင်း၊စကာ အမျိုးမျိုး နယ်အနှံ့ လိုက်ရောင်းတဲ့အလုပ်ကို ပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။ထိုသို့လှည့်လည်ရောင်းချရင်း ရွာတစ်ရွာကို မိုးချုပ်မှရောက်ရှ်ိသွားလေသည်။အသိမိတ်ဆွေကလည်းမရှိ၊ ဘုန်းကြီးကျောင်းတွင်တည်းခိုရန်ကလည်း ခေတ်ကာလအခြေအနေကြောင့် ရွာအရှေ့ထိပ် အနောက်ထိပ် ကင်းများချထားရာ လုံခြုံရေးအရ ညဘက် ရွာထဲ သူစိမ်းမဝင်ရသဖြင့် ရွာအနောက်ဘက် မလှမ်းမကမ်းရှိ သင်္ချိုင်းကုန်းဇရပ်တွင် အိပ်ရန်ဆုံးဖြတ်လိုက်ရသည်။ဖိုးစိန်မှာ တစ္ဆေ သရဲကြောက်တတ်သူမဟုတ်သဖြင့် ဘာမှာရှည်ရှည်ဝေးဝေး စဉ်းစားနေစရာမလို။ကျောချရုံ နေရာရရင်ပြီးရော ။သူခိုး၊ဓားပြရန်သာ နည်းနည်းစိုးရိမ်စရာ ရှိသည်။ဖိုးစိန် မသိလိုက်တာ တစ်ခုက ဒီရွာသချိုင်းကို ညအချိန် ဘယ်သူမှ မလာရဲခြင်းပင်။အဘယ့်ကြောင့်ဆိုသော် ဤသင်္ချိုင်းဇရပ်တွင် အင်မတန်ဆိုးသော သဘက်ကြီးတကောင် သောင်းကျန်း နေခြင်းကြောင့် ဖြစ်သည်။အကြောင်းအမျိုးမျိုးကြောင့် ဤသင်္ချိုင်းသို့ ရောက်လာသူများ၊ တရားကျင့်ြံကံအားထုတ်မှု နုနယ်သေးသော သံဃာတော်များ မှာ သဘက်ကြီး၏ ခြောက်လှန့် နှောက်ယှက်မှုများကြောင့် ကြောက်လန့်ထွက်ပြေးရသူများ၊ အသည်းငယ်ပြီး သေဆုံးရသူများပင် ရှိသည်ဟု သတင်းကြီးလေသည်။ဖိုးစိန်က တစိမ်းတရံမို့ ဘာမှမသိ၊အေးအေးဆေးဆေး ပစ္စည်း ပစ္စယများချကာ ဇရပ်ပေါ်မှာ တက်၍ အိပ်စက်လေတော့သည်။
"ဒုန်း"
"ဒုန်း"
"ဒုန်း"
ညဥ့်နက်သောအခါ ဇရပ် ကြီးတခုလုံး သိမ့်သိမ့်တုန်အောင် ဆောင့်နင်းလာသောခြေသံကြီးကြောင့် ဖိုးစိန် နိုးသွားလေသည်။ဘာများပါလိမ့်ကြည့်လိုက်တော့ ဇရပ်ခေါင်မိုးထိအောင် မြင့်သော အရပ်နှင့် အလွန်ကြီးမားသော အကောင်ကြီးတကောင် မိမိထံလာနေသည်ကို တွေ့ရလေသည်။ထိုအကောင်ကြီးမှာ အင်မတန်ဆိုးဝါးသောင်းကျန်းသည့် သဘက်ကြီး။ သဘက်ကြီးမှာ တကိုယ်လုံး အမွေးအမျှင်များဖုံးအုပ်နေပြီး၊မျက်လုံးများမှာ ထန်းသီးလုံးခန့်ကြီးမားပြူးကျယ် ၍ ပါးစပ်ကြီးဖြဲဟထားသည်မှာ ဖိုးစိန်တစ်ကိုယ်လုံးပင် ဝင်၍ ရသည်။လျှာကြီးကို အပြင်ထုတ်ထားသည်မှာ တစ်တောင်ခန့် ရှိကာ ထိုလျှာကြီးမှ သွားရေများ တမြားမြားကျလျက် ဖိုးစိန်ကို စားချင် ဝါးချင်နေသော ပုံစံကြီးဖြင့်ကြည့်နေလေသည်။ဝမ်းဗိုက်ကြီးမှာ ရာဝင်အိုးကဲ့သို့ ပူတင်းဖောင်းကားနေပြီး အနာကြီးများပေါက်ကာ ထိုအနာကြီးများမှ လောက်များ တဖွားဖွားထွက်နေ၊ ပြည်ပုပ် သွေးပုတ်များလည်း တစ်စိမ့်စိမ့် စီးကျနေလေသည်။
"ဘယ်သူလဲကွ...ငါ့ဇရပ်ပေါ်တက်အိပ်နေတာ"
တုန်ဟီလှိုက်ဟီးသောအသံကြီးဖြင့် မေးလာလျင် ဖိုးစိန် မှာ ရုတ်တရက်မို့ ထိတ်လန့်သွားသော်လည်း ကြောက်စိတ်မရှိသူမို့ မာန်တင်းကာ
"ငါပဲကွ...ဖိုးစိန်..အာဠာဝက ဖိုးစိန်"
"အာဠာဝကတွေ ဘာတွေ နားမလည်ဘူး...ငါ့ဇရပ်ပေါ်ကဆင်း...ငါကဒီဇရပ်ကြီးကို ပိုင်တဲ့ သဘက်ကြီးကွ..."ဖိုးစိန် ကိုဖြဲခြောက်လိုက်သည်။
"တည်းစရာ အိမ်မရှိလို့ လာနေတာကွ...မင်းလည်းမင်းဘာသာမင်းနေ...ငါလည်း ငါ့ဘာသာ ငါနေမယ်...လာမနှောက်ယှက်နဲ့.."
စကားဆုံးသည်နှင့် သဘက်ကြီးမှာ ဒေါသထွက်သွားဟန်ရှိပြီး ပြေးလာကာ ဖိုးစိန်ကို ခြေထောက်နှစ်ချောင်းမှ ကိုင်၍ လွှင့်ပစ်လိုက်လေသည်။ ဖိုးစိန်မှာ ဇရပ်ထောင့်သို့ပြုတ်ကျသွားရာ နာကျင်သွားသဖြင့် ဒေါသထောင်းကနဲ့ထွက်ကာ သဘက်ကြီးအား ပြေးဝင်လုံးပြီး မိရာကို လက်သီးဖြင့် ထိုးတော့သည်။ သဘက်ကြီးကလည်း ပြန်ထိုးသည်။ သဘက်ကြီးထိုးသမျှ လက်သီး များမှာ ဖိုးစိန်ကို ဆယ်ပေါင်တူနှင့်ထုသကဲ့သို့ ခံစားရပြီး ဖိုးစိန်ထိုးသမျှလက်သီးများမှာ သားရေတုံးကြီးကိုထိုးရသကဲ့သို့သာ သဘက်ြကီးမှာ အယားတောင်ပြေပုံမရ။
သဘက်ကြီးမှာ တဟီးဟီးတဟားဟား ရယ်မောလျက် ဖိုးစိန်ကိုဒုတိယအကြိမ် ကိုင်ပစ်လိုက်ပြန်လျင် ဖိုးစိန်မှာ ဇရပ်ထောင့်တွင် ပက်လက်ကလေးပြုတ်ကျပြန်သည်။သဘက်ကြီးက ပြေးလာကာ ဖိုးစိန်ရင်ဝကို ခြေထောက်ကြီးဖြင့် နင်းချလိုက်လေသည်။ထိုစဉ်မှာပဲ မထင်မှတ်သောအဖြစ်တစ်ခု ဖြစ်ပေါ်လာလေသည်။ သဘက်ကြီး၏ ခန္ဓာကိုယ်ကြီးမှာ တစုံတစ်ယောက်က ကိုင်ပစ်လိုက်သလို လွင့်ထွက်သွားလေသည်။ဖိုးစိန်မှာလည်း အားအင်များပြည့်ဖြိုးသွားသလို ဝုန်းကနဲ့ခုန်ထကာ လက်ခမောင်းများ တဖျောင်းဖျောင်း ခတ်၍ အင်္ကျီများကို ဆွဲဖြဲလိုက်လျင်
ရင်ဘတ်မှ ဘီလူးရုပ်ကြီးမှာ အလင်းရောင်များ ဖြာထွက်နေသည်ကို တွေ့ရလေသည်။ လေဖြတ်ပြီး အိပ်ယာထဲ လဲစဉ်ကတည်းက ငုပ်လျိုးပျောက်ကွယ်နေသော အာဠာဝကစွမ်းအားများမှာ သဘက်ကြီးက ဖိုးစိန်၏ရင်ဘတ်ရှိ အာဠာဝကရုပ်ကို ခြေထောက်နှင့်တက်နင်းမှ ရုန်းကန်ထကြွလာခြင်း ဖြစ်သည်။
"အာဠာဝက တဲ့...ကွ"
ဟုကြွေးကြော်ကာ ဖိုးစိန် မှာ ခြေ၊လက်၊ ခေါင်း၊ဒူး၊တံတောင်တို့သံုးကာ သဘက်ကြီးအား ဝင်လုံးတော့သည်။ဒီတစ်ခါ ဖိုးစိန်ထိုးသော လက်သီးချက်များမှာ သဘက်ကြီးအတွက် မချိမဆန့်  ခံစားရပုံပေါ်သည်။တအီးအီး တအားအား အော်ဟစ်ငြီးတွားကာ ဖိုးစိန်ကို တစ်ချက်မျှ ပြန်မလုပ်နိုင်ပဲ အတန်ကြာတော့ မခံနိုင်တော့ဟန်ဖြင့် ဇရပ် ပေါ်မှ ဆင်းပြေးလေတော့သည်။ဖိုးစိန်ကလည်း အလွတ်မပေး။နောက်ကထပ်ကြပ်မကွာ လိုက်၍ ထိုးကြိတ်ကန်ကျောက်သည်။ သဘက်ကြီး က အနီးရှိ ကုက္ကိုပင်ကြီးပေါ် တက်ပြေးသည်။ ဖိုးစိန်က မျောက်တစ်ကောင်လို ခုန်တက်ြပီး သဘက်ကြီးကို ဆွဲချသည်။ နှစ်ကောင်သား ကုက္ကိုပင်ကြီး ပေါ်က ပြုတ်ကျလာတော့ ဖိုးစိန် က သဘက်ကြီး ပေါ်တက်၍ ဗိုက်ကို ထိုးသည်၊ကန်သည်၊ရိုက်သည်၊ သဘက်ကြီး၏ အော်ဟစ်ငြီးတွားသံများမှာ ကမ္ဘာပျက်နေသည့် အတိုင်းပင်။ အချိန်ကြာလာတော့ သဘက်ကြီး မှာ မခံနိုင်တော့ပဲ သေသွားတယ်ပဲပြောရမလား၊အသက်ထွက်သွား တယ် ပြောရမလား၊ဗိုက်ကွဲပြီး အူထွက်ကာ ငြိမ်သက်သွားလေတော့သည်။ထိုအခါမှပင် ဖိုးစိန် လည်း ထိုးကြိတ်ကန်ကျောက်နေမှုများ ရပ်တန့်ကာ မောမောနှင့် သဘက်ကြီး၏ ကိုယ်ပေါ်မှောက်ချလိုက်ရာ အိပ်ပျော်မှန်းမသိ အိပ်ပျော် သွားလေသည်။
မနက်မိုးလင်း ဝေလီဝေလင်းမှာတော့ ရွာသားများ တုတ်၊ဓား၊ဝါးချွန် လက်နက်များကိုင်ဆောင်၍ အုပ်စုလိုက် သင်္ချိုင်းထဲဝင်လာရာ ပျက်စီး ယိုယွင်း နေသော ဇရပ်ကြီးနှင့် ကုက္ကိုပင်ကြီးအောက်တွင် အူထွက်၍သေနေသော ယောက်ျားပေါင်လုံးခန့်ဖွတ်ကြီးပေါ်၌ မှောက်လျက်အိပ်ပျော်နေသည့် ဖိုးစိန်ကို တွေ့လိုက်ကြရလေ သည်။
"ဟေ့လူ...ဘာလုပ်နေတာလဲ ..ထ..ထ"
ဆိုတော့မှ ဖိုးစိန် နိုးလာခဲ့ သည်။
"ကျုပ်တို့ ညကတည်းက သင်္ချိုင်းထဲက ဝုန်းဝုန်းဒိုင်းဒိုင်း ဆူဆူညံညံ တွေကြားတယ်...တစ်ယောက်မှ မလာရဲလို့ ဒီမနက်မှ လူစုပြီးလိုက်လာတာ ဘာဖြစ်တာလဲ.. ပြောပါဦး"
ဟု မေးလာတော့ ဖိုးစိန်က အကြောင်းစုံရှင်းပြ လိုက်ရာ အားလုံး အံ့သြတနန်းဖြစ်ကုန်ကြသည်။
"ကျုပ်ညက သတ်လိုက်တာ သဘက်ကြီး ပဲ...ဒီမနက်မှ ဖွတ်ကြီးဖြစ်နေတယ်"
ရွာသား များမှာ သူတို့နယ်ဘက်တွင် ဖွတ်မရှိသဖြင့် ဖိုးစိန်စကားကို ယုံကြည်ကြသည်။ ထိုဖွတ်ကြီးကိုလည်း မည်သူမျှ မစားရဲသဖြင့် သင်္ချိုင်းမှာပင် မြုပ်နှံထားခဲ့ကာ ဖိုးစိန် ကို ရွာထဲခေါ်သွားပြီး သူရဲကောင်းသဖွယ် ချီးမွမ်းပြုစုကြသည်။ဖိုးစိန်ပြန်တော့လည်း လှည်းဖြင့်ရွာအရောက် လိုက်ပို့ကာ လက်ဆောင်များ လှည်းတစ်စီးအပြည့် ပေးလိုက်ကြသည်။သရဲသဘက်တောင် အနိုင်ယူ သတ်ဖြတ်ခဲ့တဲ့ အာဠာဝက ဖိုးစိန်ပါ။
ဇာတ်လိုက်ကြီး ဖိုးစိန်၏ အကြောင်းက အသက် ၅၀အရွယ်မှာ တစ်ဆစ်ချိုးပြောင်းခဲ့ပြန်ပါတယ်။တစ်နေ့ ၄င်းအား အာဠာဝက ဆေး ပေါက်ပေးခဲ့တဲ့ ဆရာလှမြိုင် ဖိုးစိန် အိမ်ကို ရောက်လာခဲ့ပါတယ်။ဒါကိုမအေးမြက အခွင့်အရေး ယူ၍
"ဆရာကြီးရယ်...ကိုဖိုးစိန်ရဲ့ အာဠာဝကဆေးကို ပြန်သိမ်းသွားပေးပါ...အဲ့ဒီဆေးထိုးပြီးကတည်းက ကျမ ဘယ်လိုမှ ပြောမနိုင်တော့လို့ပါ..တော်တော်လည်း ဆိုးပါတယ်"ဆိုပြီး တိုင်တော့ ဆရာ လှမြိုင်က အိမ်ထောင်ရေး သာယာမှုကို အလေးထား၍ ဆေးပြန်ရုပ်ရန် ဖိုးစိန်ကို နားချသည်။ ဖိုးစိန် က ဆေးမဖျက်လိုသော်လည်း ဆရာစကားကို အကြိမ်ကြိမ် ငြင်းနေလျင် မကောင်းတာမို့ သဘောတူလိုက်ရသည်။ဘုရားစင်ရှေ့တွင် ဆီမီးသုံးတိုင်ထွန်းကာ ဖိုးစိန်အား ပက်လက်လှန် ပိတ်စအနီဖုံးအုပ်ပြီး ဂါထာရွတ် လက်နဲ့ သုံးချက်သပ်ချ၊ပိတ်စအနီလည်း ဖယ်လိုက်ရော ဖိုးစိန် ရင်ဘတ်က ဘီလူးရုပ် ဘယ်ပျောက်သွားမှန်းမသိ ပျောက်ခြင်းမလှ ပျောက်သွားခဲ့လေသည်။ထိုနေ့မှ စ၍ ဖိုးစိန် စိတ်တို့မှာလည်း နူးညံ့ပျော့ပျောင်း သွားလေသည်။တစ်ရက်တော့ လင်မယားနှစ်ယောက် မတော်တဆ စကားများကြရင်း ဖိုးစိန်က အရင်အရှိန်လေးနဲ့ ကြောက်လေမလားဆိုပြီး ဆေးလိပ်ခွက်နဲ့ မိန်းမကို မထိအောင်ကောက်ပေါက်လိုက်တာကို မအေးမြက ထမင်းအိုးမွှေနေရင်း ဇီးသားယောင်းမနဲ့ တည့်တည့်ပြန်ပစ်ထည့်လိုက်တာ နဖူးကွဲပါလေရောလား။ တရွာလုံးသိသွားလို့ နာမည်ကြီးပြီး အာဠာဝက ဖိုးစိန် နာမည်ပျောက်လို့ "ယောင်းမကြီး"ဆိုတဲ့ နာမည်တလုံး လူတွေပါးစပ်ဖျား တသွင်သွင်သုံးပါလေရောဗျာ......
"ဗျို့...ယောင်းမကြီး...စားပြီးပြီလား"
"ယောင်းမကြီး....ဘာတွေလုပ်နေလဲ"
"ယောင်းမကြီး...ဘယ်သွားမလဲဗျ"
"ယောင်းမကြီး...မိန်းမ မကြိုက်တာတွေ မလုပ်နဲ့နော်...ဒီတခါ ယောင်းမကြီးကနေ ပေါက်ပြားကြီး ဖြစ်နေမယ် နော်..."
စသည်ဖြင့် ပေါ့။ဖိုးစိန်ကတော့ စိတ်မဆိုးပါ။ဖိုးစိန်မှာ ယခင်နှင့် အများကြီး ကွာခြားသွားပြီ။မနက်မိုးလင်းအာရုံတက်သည်နှင့် မအေးမြက
"အလုပ်တခါ ဆင်းဖို့အရေး မပြီးနိုင်မစီးနိုင် ...ဆေးလိပ်သောက်၊ ကွမ်းစား၊တနေ့တနေ့ သူ့ကွမ်းဖိုး ဆေးလိပ်ဖိုးက နည်းတာမဟုတ်ဘူး၊ အလုပ်ကြတော့ လက်ကြောတင်းအောင်မလုပ်ချင်ဘူး"
နေ့စဉ် မျက်နှာချင်းဆိုင်တာနှင့် ပစိပစပ်များနေသော်လည်း ဖိုးစိန် လက်ပါဖို့ နေနေသာသာ တစ်ခွန်းပင် ခွန်းတုန့်ပြန်မပြောတော့။ကိုယ့်အလုပ်သာ ကိုယ်လုပ်နေတတ်သည်။ တခါတရံမှာတော့ မယ်ဒလင်ပညာ သင်ချင်သော သားများကို သင်ကြားပေးရင်း မျက်လုံးများက ရီဝေနေတတ်သည်။ငယ်ရွယ်စဉ် အချိန်ကာလများကို သတိရနေသယောင်ယောင်။တချိန်က သတ္တိခဲကြီး အာဠာဝက ဖိုးစိန် အခုတော့ နှလုံးသားများ နူးညံ့ပျော့ပျောင်းပြီး မယားကြောက် "ယောင်းမကြီး"အဖြစ် လူတကာ၏ ရီစရာဟာသတစ်ခု ဖြစ်နေလေပြီ။
မယ်ဒလင် ဖိုးစိန်၊ အာဠာဝက ဖိုးစိန်၊ ယောင်းမကြီး ဟူ၍ နာမည် သုံးမျိုးဖြင့် ၊ မတူညီသည့် ဘဝဇာတ်ခုံပေါ်စရိုက်သုံးမျိုး နှင့် ကပြအသုံးတော်ခံခဲ့သည့် ဖိုးစိန်မှာ အသက်၇၀ အရွယ်တွင် ဒုတိယအကြိမ် လေဖြတ်ပြီး ဆုံးပါးခဲ့လေသည်။
ပြီးပါပြီ
ထုံးစံအတိုင်း အမှားအယွင်း လိုအပ်ချက်များကို သည်းခံပေးပါရန်
#crdY.A.P

No comments:

Post a Comment