Monday, June 5, 2017

သူ့အမည် ခွေးကျားမလေးဟုခေါ်သည်



ထီး ကလေး ၏ ဓာတ်ပုံစာမပေါ်သူများအတွက် ဦးစားပေးရေးသားလိုက်သော 
(ဖြစ်ရပ်ဆန်းကြယ်)
သူ့အမည် ခွေးကျားမလေး ဟုခေါ်သည်
စာရေးသူ - ထီးကလေး
(ရင်နှင့် ရင်း၍ ရေးသားသည်)

********
ဟဲ့ ဟဲ့ လုပ်ကြပါဦး ရန်လုံကြီးဘာဖြစ်ပြန်ပြီလဲ သားရေ သား မင်းခွေးကိုလာကြည့်ပါဦး
ယနေ့ဟာ ကျွန်ုပ်၏အားလပ်ရက်ပင်ဖြစ်ချေသည်။ ထို့ကြောင့် အိပ်ခန်းအတွင်းဝင်လျက် စာတိုလေးများအား ဖတ်ရှု့ရင်း ကျွန်ုပ်တစ်ယောက်ခေတ္တအိပ်မည်ဟု ရည်ရွယ်ထားခဲ့ပြီး ကုတင်းအပေါ်၌ ကျောအားဆန့်လိုက်ချိန်၊ အိမ်ရှေ့ခန်းမှ မိခင်ဖြစ်သူ၏ အရေးတကြီးအော်ပြောလိုက်သော စကားသံအား ကြားလိုက်ရသည်။ အမေဖြစ်သူ၏ အလန့်တကြား အော်ပြောလိုက်သံကြောင့် ကျွန်ပ်တစ်ယောက် လဲလျောင်းနေရာမှ လျင်မြန်စွာထလိုက်ရင်း အိမ်ရှေ့အခန်းဆီသို့ အပြေးသွားလိုက်သည်။ ထို့နောက် နို့ဆို့အရွယ်ကျော်လွန်ချိန်ကတည်းမှ ကျွန်ုပ်ခေါ်ယူမွေးစားထားသော ခွေးလေးမှာ မည်သည့်အခါမှ ကျွန်ုပ်မကြားခဲ့ဘူးသော အော်သံကြီးနှင့် ဆွဲငင်စွာ အူနေစေခဲ့သည်။
ဟေ့ကောင် ရန်လုံကြီး ဘာဖြစ်တာတုန်းကွ ဟင် … ဘာဖြစ်လို့တုန်း
ထိုသို့ဆိုးရွားစွာ အူနေသည့် (၄)လသားအရွယ်ခွေးလေးအား ကျွန်ုပ်တစ်ယောက် ပွေ့ချီလိုက်ရင်း ဦးခေါင်းလေးသို့ အသာယာပွတ်သပ်ပေးခါ ထိုသို့ပြောဆိုလိုက်ရသည်။ ထိုအချိန်၌ ကျွန်ုပ်၏ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ စန်းလွင်တစ်ယောက်သည်လည်း ကျွန်ုပ်၏အိမ်သို့ အလည်သဘောနှင့် ရောက်ရှိလာခဲ့ချေသည်။ ထိုအခါ ကျွန်ုပ်၏လက်ထဲမှ ခွေးလေးဟာ စန်းလွင်အိမ်အတွင်းသို့ ရောက်ရှိလာခါမှ ပို၍ပင်ဆိုးလာချေခဲ့သည်။ ချီထာသည့်ကျွန်ုပ်၏ လက်ဝယ်အတွင်းမှ အတင်းရုံးကန်ကာ ကုတ်ဖဲ့ဆင်းပြေးချေတော့သည်။ ငယ်စဉ်ကတည်းမှ ထိုသို့ပြုမူခြင်းမရှိခဲ့သော ကျွန်ုပ်၏ခွေးလေးမှာ ယခုအခါ ထိုသို့အပြုမူများပြုလုပ်နေခဲ့သည်ကြေုာင့် ကျွန်ုပ်တစ်ယောက် လွန်စွာအံ့သြမိခဲ့ချေသည်။ ကျွန်ုပ်သည်လည်း ခွေးလေးအား ပွေ့ချီထားခဲ့ပြီး လက်အတွင်းမှ အတင်းရုံးကန်သွားခဲ့သည်ကြောင့် စဉ်းစားမရပဲ စိတ်မောလူမောဖြစ်နေချိန်၌ ညီဖြစ်သူစန်းလွင်ဟာ ကျွန်ုပ်နှင့်ခွေးလေး၏အဖြစ်များအား တွေ့ရှိခဲ့ရပြီး တဟားဟားနှင့် ရယ်မောနေလေခဲ့၏။
ကျွန်ုပ်အားလှောင်ပြောင်နေခဲ့သည်လား ကျွန်ုပ်တစ်ယောက် လွန်စွာဒေါသထွက်မိရင်း
ဘာရယ်တာလဲကွ ဒီမှာမောရတဲ့ကြားထဲ မင်းကလာလှောင်နေတယ်
ကျွန်ုပ်သည်လည်း ဒေါသဖြစ်နေသော လေသံဖြစ် စန်းလွင်အားခပ်ထန်ထန် ပြောဆိုလိုက်မိသည်။ ထိုအခါ ညီဖြစ်သူစန်းလွင်တစ်ယောက်မှာတော့ တဟားဟားရယ်မောနေရာမှာ ကျွန်ုပ်၏မာန်မဲလိုက်သော စကားသံကြောင့် မျက်နှာပိုးအား တဖြည်းဖြည်းသတ်စေရင်း
အစ်ကိုကြီးကို မလေးမစား လှောင်တာမဟုတ်ပါဘူးဗျာ အစ်ကိုကြီးခွေးက ကျွန်တော့ကိုမြင်ရင် သူ့ကိုသတ်မယ့်လူလို့ ထင်နေလားမသိပါဘူး ကျွန်တော့အသံကို ကြားတာနဲ့တင် ထွက်ပြေးဖို့ကြံနေတာ အခုမှမဟုတ်ဘူး တစ်ခါတစ်လေ အစ်ကိုကြီးအိမ်မှာမရှိတုန်း ကျွန်တော်ကြီးမေဆီကို လာရင် အခုလိုပဲ အူပြီးတော့ အိမ်အောက်ထဲဝင်ပုန်းတော့တာပဲ ဦးကြီးနဲံ့ကြီးမေဆိုရင် ခဏခဏ မာန်မဲလွတ်ရတယ်
ဟင် … ငါ့ခွေးက ဘာဆိုင်လို့ မင်းကိုမြင်တိုင်း လန့်ရတာလဲကွ
ဆိုင်မဆိုင်တော့ ကျွန်တော်လဲမသိဘူးအစ်ကိုကြီးရေ အစ်ကိုကြီးခွေးက ကျွန်တော့ကို လန့်နေတာကတော့ အမှန်ပဲဗျ
ကျွန်ုပ်သည်နေအိမ်၌ အမြဲတစေရှိမနေခဲ့ပဲ အလုပ်ကိစ္စများနှင့် အပြင်သို့ထွက်နေရသူ တစ်ယောက်ဖြစ်သည်။ သို့သော် ထို့နေ၌ ထိုသို့သော် ကျွန်ပ်၏ခွေးလေးဟာ ထူးဆန်းသည့်အပြုမူများ ပြုလုပ်နေခဲ့သည်မှာ စန်းလွင်အိမ်သို့ရောက်ရှိလာသည့် အခါတိုင်းပင်ဖြစ်ချေသည်ဟု သိရှိလိုက်ရသည်။ ကျွန်ုပ်သည်လည်း စန်းလွင်ပြောဆိုသော စကားများအား အလေးထားမနေတော့ပဲ ပုန်းရှောင်နေသော ခွေးလေးကိုသာ ချော့မော့ဖမ်းရန် လုံးပမ်းပန်းရတော့သည်။
ကျွန်ုပ်၏ခွေးလေးမှာ စန်းလွင်ကိုမြင်တိုင်း လန့်နေသည်ဟူသော ပြောစကားများအား ကျွန်ုပ်တစ်ယောက် ဘဝင်မကျနိုင်။ အဘယ့်ကြောင့် ထိုသို့ပြုမူနေရသနည်း။ တကယ်တမ်းဟုတ်မဟုတ်၊ ကျွန်ုပ်တစ်ယောက် သေချာစွာသိချင်သည်။ ထို့ကြောင့် စန်းလွင်တစ်ယောက် အဝေးမှ ဆိုင်ကယ်မောင်းနှင်လာသည့်အခါ ကျွန်ုပ်ဟာ အိမ်ရှေ့တန်းယားစီသို့ ထွက်ထိုင်နေခဲ့ပြီး ခွေးလေးရန်လုံ၏အခြေအနေအား အကဲခတ်ကြည့်မိသည်။
စန်းလွင်၏ဆိုင်ကယ်အသံအား ခွေးလေးရန်လုံမှာ မှတ်မိနေလေသလား။ အဝေးမှ စန်းလွင်၏ဆိုင်ကယ်သံအား ကြားလိုက်ရသည့် ရန်လုံကြီးမှာ နားရွက်တစ်ထောင်ထောင်ဖြစ်နေခဲ့ပြီး ယောက်ယပ်ခတ်နေလျက် သူ့အားသတ်မည့်သူ ရောက်ရှိလာသည့်အတိုင်း ပြာယာခတ်နေခဲ့သည်။ စန်းလွင်တစ်ယောက်မှာတော့ ကျွန်ုပ်ခွေးလေးရန်လုံအား ရှိမှန်းမသိ သတိတောင်လျင်မထားမိခဲ့ပဲ၊ သူ့၏ဦးတည်ရာဆီသို့ သွားနေခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် နောက်နောင်များ၌ ကျွန်ုပ်မှာအလုပ်တစ်ခု အမြဲပို၍လုပ်နေရတော့သည်။ တစ်ခြားတော့မဟုတ် နေအိမ်၌ စန်းလွင်အား ခိုင်းစရာများရှိ၍ ခေါ်ယူတော့မည်ဆိုလျင် စန်းလွင်နေအိမ်ဆီသို့ မရောက်ခင်အချိန်၌ ခွေလေးရန်လုံအား စန်းလွင်နှင့်ဝေးရာဆီသို့ ခေတ္တပို့ဆောင်ထားခဲ့ရသည်။
ထိုအကြောင်းနှင့်ပတ်သတ်ပြီး ကျွန်ုပ်၏မွေးသမိခင်ကျေးဇူးရှင် အမြဲပြောဆိုလေ့ရှိသော စကားတစ်ခွန်းရှိ၏။ ထိုစကားမှာ
ငါ့သားခွေးနဲ့စန်းလွင်နဲ့က ဘယ်ဘဝတုန်းက ရန်ငြိုးတွေများရှိနေသလဲမှ မသိတာ
ထိုသို့အမြဲတစေ ပြောဆိုလေ့ရှိ၏။ ထိုအကြောင်းနှင့်ပတ်သတ်ပြီး စန်းလွင်နှင့်ခွေးလေးရန်လုံမှာ မည်သည့်ဘဝမှ မည်သို့ပင်ရန်ငြိုးများရှိခဲ့သနည်း ကျွန်ုပ်မသိနိုင်။ ကျွန်ုပ်တစ်ယောက်ကြားခဲ့ဘူးသော ဦးဇင်းအရှင်ဇောတိက မိန့်ကြားခဲ့ဘူးသည့် ခွေးကျားမလေးအကြောင်းအား ပြန်လည်သတိရလာမိသည်။
ခွေးကျားမလေး၏ အကြောင်းမှာ ဤသို့ပင်ဖြစ်ချေသည်။
ထိုစဉ်က ဦးဇောတိကမှာ ငယ်ရွယ်သေးသော ကိုရင်ဘဝသာရှိသေး၏။ ဦးဇောတိက၌ နှင်းဝေဆိုသော အစ်မတစ်ယောက်ရှိပြီး ထိုအစ်မမှာအိမ်ထောင်ကျ၍ ကလေးတစ်ယောက်မွေးဖွားချေခဲ့သည်။ ထိုကလေး၏ ရင်ဘတ်မှ ဆီခုံအထိ အရေးကြောင်းအရာကြီးမှာ မွေးရာပါအမှတ်တစ်ခုဖြင့် ပါရှိလာခဲ့သည်။ တစ်နေ့တွင် ဦးဇောတိက၏ ဘကြီးအရင်းတော်စပ်သူ ဦးကျော်တစ်ယောက်မှာ ထိုရွာလေးသို့ အလည်ရောက်ရှိလာခဲ့ပြီး မနှင်းဝေ၏နေအိမ်၌ တည်ခိုမည်ဖြစ်သည်။ ထိုရွာလေးသို့ ဘကြီးကျော်တစ်ယောက် အလုပ်ကိစ္စတစ်ခုခုဖြင့် ရောက်ရှိလာသည့်အခါတိုင်း တူမတော်စပ်သူ မနှင်းဝေ၏နေအိမ်၌ အမြဲတစေ တည်းခိုလေ့ရှိသည်။
ဘကြီးကျော်မှာအိမ်ထောင်မရှိ လူပျိုကြီးပီပီ ကလေးချစ်တတ်သူ တစ်ယောက်ဖြစ်ပြီး မနှင်းဝေ၏နေအိမ်ဆီသို့ ရောက်ရှိလာသည်နှင့် ပုခတ်အတွင်းမှ ခြေကလေးမြောက် လက်ကလေးကာနှင့် ပြုံးရယ်ဆော့ကစားနေသော မနှင်းဝေ၏ကလေးလေးအား တွေ့ရှိလိုက်ရပြီး ကလေးချစ်တတ်သူပီပီ ကလေးအားပွေ့ချီ၍ နမ်းရှိုက်မည်လုပ်စဉ်တွင် ကလေးလေးမှာ စူးရှကျယ်လောင်သော ငိုသံကြီးနှင့် ရုတ်တရက်ငိုကြွေးလေတော့သည်။
မိမိအားမတွေ့ခင်အချိန်၌ ကလေးမလေးမှာ အပြစ်ကင်းစွာဖြင့် ပြုံးရွှင်နေခဲ့ပြီး ဘကြီးကျော် ကောက်ယူပွေ့ချီလိုက်သည်နှင့် နက်ရှိုင်းလှသော ငိုသံကြီးနှင့် ရုတ်တရက်ငိုကြွေးလိုက်သည်ကြောင့် ဘကြီးကျော်မှာလည်း အံ့သြမိချေခဲ့သည်။ နောက်ဖေးမိဖိုချောင်မှ အမေဖြစ်သူ မနှင်းဝေသည်လည်း ကလေး၏ဆိုးရွားလှသော ငိုသံအားကြားလိုက်ရသည်ကြောင့် အပြေးထွက်လာခဲ့ပြီး ဘကြီးကျော်လက်ထဲမှ ကလေးအား အငိုတိတ်ရန် ချော့မြုလေရတော့သည်။
ထိုနောက်ပိုင်းနှစ်များ၌လည်း ဘကြီးကျော်တစ်ယောက် မနှင်းဝေအိမ်သို့ ရောက်ရှိလာသည့်အခါတိုင်း ကလေးလေးမှာ (၄)နှစ်သမီးအရွယ်သို့ရောက်ရှိလာခဲ့ပြီး ဘကြီးကျော်အား မြင်လိုက်သည်နှင့် ထိတ်လန့်ကြောက်ရွံ့နေကာ အိပ်ခန်းအတွင်း၌ ပြေးဝင်ပုန်းရှောင်ခြင်းများ ပြုလုပ်နေခဲ့လေသည်။ မိဘဖြစ်သူများနှင့် ဘကြီးကျော်မှာလည်း ကလေးလေး၏ အပြုအမူများအား နားမလည်နိုင်စွာဖြင့် ရှိနေခဲ့ကြသည်။ တစ်နေ့သ၌ ကလေးလေး၏ဖခင်ဖြစ်သူ ကျော်ဌေးတစ်ယောက်မှာတော့ လစာထုတ်သည့်နေ့ရက်ပင် ဖြစ်သည်ကြောင့် စတိုဆိုင်တစ်ခုမှ ဘီစကွက်မုန့်လေးများ ဝယ်ယူလာခါ ငါးနှစ်သမီးဖြစ်သည့် ကလေးမလေးအား ကျွေးလေခဲ့သည်။
ဖခင်ဝယ်ယူလာသည့် ဘီစကွပ်မုန့်လေးများအား ကလေးမလေးဟာ အားပါးတရစားနေသည်မှာ ဖခင်ဖြစ်သူအတွက် အလွန်ပင်ပီတိဖြစ်နေမိခဲ့သည်။ ကလေးမလေးဟာ ထိုဘီစကွပ်မုန့်အား ကြိုက်တတ်သည်ဟု ဖခင်ဖြစ်သူမှာ သိရှိထားခဲ့ပြီး နောက်များ၌လည်း အမြဲတစေဝယ်ယူလာဦးမည်ဟု တွေးထားခဲ့ချေသည်။ ကလေးမလေး၏ အပြစ်ကင်းစွာ စားနေသည်အား ကျော်ဌေးတစ်ယောက်မှာ စိုက်ကြည့်နေလျက် အတွေးတစ်ခု သူ၏ခေါင်းထဲသို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့လေသည်။ ထိုအတွေးဟာ တစ်ခြားမဟုတ် ဘကြီးဖြစ်သူ ဦးကျော်၏အသံအား ကြားလိုက်ရသည်နှင့် ထိတ်လန့်ကြောက်ရွံ့နေခဲ့သော အကြောင်းပင် ဖြစ်ချေသည်။ ထို့ကြောင့် ဘီစကွပ်မုန့်လေးများ မိန်ရှက်စွာစားနေသည့် သမီးဖြစ်သူအား
သမီး !… ဘီစကွပ်မုန့်လေးတွေ ကြိုက်တယ်ဟုတ်လား … ဒါဆိုနောင်လဲ ဖေဖေဝယ်လာဦးမယ်နော်
အင်း … မီးမီးအတွက် အများကြီးဝယ်လာခဲ့ဦး
ဝယ်လာမှာပေါ့သမီးရဲ့ … သမီးကို ဖေဖေတစ်ခုမေးရဦးမယ် သမီးဘကြီးကျော် …
မိမိပြောဆိုလိုက်သော ပြောစကားပင်မဆုံးသေး ဘကြီးကျော်ဟု ဖခင်၏နှုတ်မှ ထွက်ပေါ်လာခဲ့သည်နှင့် ကလေးမလေးမှာ အားပါးတရ စားသောက်နေသော မုန့်များကိုပစ်ချလျက်
ဟင် … သမီးကြောက်တယ် သမီးကြောက်တယ်
ထိုသို့အလောတကြီးပြောဆိုကာ ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ ဦးခေါင်းတိုးဝင်ပုန်းလေတော့သည်။ ဖခင်ဖြစ်သူသည်လည်း အပြစ်ကင်းစင်လှသည့် သမီးလေး၏ပုံရိပ်များမှ ထိုသို့သော် အဖြစ်အားမြင်တွေ့လိုက်ရသည်ကြောင့် လွန်စွာမှပင် စိတ်မကောင်းဖြစ်မိခဲ့ချေသည်။ ထို့ကြောင့် သမီးလေး၏ဦးခေါင်းအား ပွတ်သပ်လျက်
အေးပါသမီးလေးရယ် အေးပါ … ဘကြီးကျော်မလာပါဘူးသမီးလေးရဲ့ … ဖေဖေမပြောတော့ဘူးနော် သမီးလေးမကြောက်နဲ့တော့နော် ဖေဖေမပြောတော့ဘူး
စိတ်မကောင်းကြီးစွာဖြစ်သွားလျက် ဖခင်ဖြစ်သူမှာတော့ သမီးလေးအား ချော့မြူလေတော့သည်။ နောက်နောင်များတွင်လည်း သမီးလေးတစ်ယောက် ထိတ်လန့်စေမည့် ထိုသို့သော်အကြောင်းတို့အား ဘယ်သော်အခါမှ မမေးမြန်းတော့မည်ဟု ဆုံးဖြတ်ထားခဲ့ချေတော့သည်။ ထို့နောက် ရင်ခွင်ထဲ၌ ခေါင်းတိုးဝင်နေသော သမီးလေးမှာ မျက်စီအားမှိတ်လျက် အသာဖွင့်စေကာ ပတ်ဝန်းကျင်သို့အကဲခတ်ကြည့်လိုက်ပြီး
ဖေဖေ …
ပြောလေသမီးလေး …
ဘကြီးကျော် … ကလေ
ကလေးမလေးဟာ လွန်စွာထိတ်လန့်နေခဲ့ပြီး ပြောလက်စ စကားတို့အားဆက်လက်မပြောတော့ပဲ ဝမ်းနည်းသွားခဲ့သည်ကြောင့် ဖခင်ဖြစ်သူမှာ မိမိဘယ်သော်အခါမှ မမေးမြန်းတော့ပါဘူးဟု ဆုံးဖြတ်ထားသော ဘကြီးကျော်အကြောင်းအား စကားစလိုက်သည်ကြောင့် ဖခင်ဖြစ်သူမှာ မနေသာတော့ပဲ သိချင်စိတ်ဖြင့် သမီးလေး၏ စကားအား ဝင်ရောက်ထောက်လိုက်လေသည်။ ထိုအခါ ကလေးမလေးမှာတော့ ဝမ်းနည်းသွားသော တုန်ရီနေသည့် လေသံဖြင့်
ဘကြီးကျော်ကလေ … သမီးဗိုက်ကို ဓားကြီးနဲ့ထိုးခဲ့တာ
ငိုယိုစွာနှင့် သမီးလေး၏နှုတ်မှ ထိုသို့ကြားသိလိုက်ရသည်ကြောင့် ဖခင်ဖြစ်သူမှာ ထိတ်လန့်အံ့သြသွားခဲ့ပြီး ပြာပြာသလဲဖြင့်
ဟင် !… ဘကြီးကျော်က သမီးလေးကိုဓားနဲ့ထိုးခဲ့တာ ဟုတ်လား … ဘယ်တုန်းကလဲ ဘာဖြစ်လို့လဲ
ဟုတ်တယ် … သမီးဗိုက်ကို ဓားနဲ့ထိုးပစ်ခဲ့တာ သမီးဘကြီးကျော်နဲ့ အတူတူနေတုန်းကပေါ့
ဟာသမီးကလည်း မဟုတ်တာတွေပြောနေပြန်ပြီး သမီလေးမွေးကတည်းက ဖေဖေတို့နဲ့အတူတူနေလာခဲ့တာလေ
မဟုတ်ဘူး အရင်ဘဝတုန်းက
ဟင်
သိချင်လွန်း၍မေးမည်လုပ်စဉ်က အဖြေဟာရေရေရာရာ မရခဲ့ချေ။ ယခု ဘယ်သော်အခါမှ မမေးတော့ပါဘူးဟု ဆုံးဖြတ်ထားပြီးခါမှ မိမိဘာသာမိမိ အလိုအလျောက်ပြောဆိုလာသော သမီးလေး၏စကားတို့ကြောင့် ဖခင်ဖြစ်သူမှာ ဟင်ခနဲဖြစ်သွားလောက်အောင်ပင် အံ့သြမိချေခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် သမီးလေးမွေးစဉ်က လက်သည်းအဖွားကြီး၏ ပြောဆိုသော စကားတို့အားဖျက်ခနဲ ဖခင်ဖြစ်သူမှာ သတိရလာမိသည်။
ဟဲ့ !… ကျော်ဌေး နင့်သမီးက လူဝင်စားနဲ့တူတယ် ရင်ဘတ်မှာလဲ အမှတ်ကြီးနဲ့တော်
ထိုအစဉ်က လက်သည်အဖွားကြီး၏ ပြောဆိုခဲ့သော စကားတို့ကြောင့် ဖခင်ဖြစ်သူကျော်ဌေးတစ်ယောက်မှာ သမီးလေး၏ရင်ဘတ်အား ကြည့်ရှု့မိခဲ့သည်။ သမီးလေး၏ရင်ဘတ်မှ ဆီးခုံအထိတိုင်အောင် အမာရွတ်ကြီးကဲ့သို့ ဖြူဖြူအတန်းကြီးတစ်ခုအား တွေ့မြင်ခဲ့ရသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ထိုကိစ္စနှင့်ပတ်သတ်၍ အလေးနက်မထားခဲ့ ယခုသမီးလေးဟာ လက်သည်အဖွားကြီးပြောဆိုသော် လူဝင်စားတစ်ယောက်များ အမှန်ပင်ဖြစ်နေလေသလားဟု အတွေးများစွာ ဝင်ရောက်လာလေတော့သည်။
သမီးလေးပြောဆိုသော အကြောင်းနင့်ပတ်သတ်ပြီး ဇနီးဖြစ်သူမနှင်းဝေအား ပြောပြသော်လည်း ဇနီးဖြစ်သူမနှင်းဝေမှာတော့ သမီးလေးအပေါ်သို့ အလေးနက်မထား ပေါ့ပေါ့တန်တန်စကားများနှင့်သာ အဆုံးသတ်စေခဲ့၏။
အိုတော် !… ကလေးဆိုတာ ဘာသိတာမှတ်လို့ သူ့ပါးစပ်ထဲရှိတာ ပြောတာနေမှာပေါ့
ထိုသို့သာပြောဆိုချေခဲ့သည်။ သို့သော် ကျော်ဌေးတစ်ယောက်မှာတော့ ဇနီးဖြစ်သူကဲ့သို့သော အတွေးမျိုးအား မရှိခဲ့ပဲ ဘကြီးကျော်ရှိနေသည့် ရွာသို့သာအရောက်လှမ်းသွားချေတော့သည်။
ထို့နောက်ဘကြီးကျော်နေထိုင်ရာ ရွာလေးဆီသို့ရောက်ခဲ့ပြီး ဘကြီးကျော်ဟာ တူဖြစ်သူကျော်ဌေးအားမြင်တွေ့လိုက်သည်နှင့် ဖော်ရွေစွာနှင့်ပင် ခရီးဦးကြိုဆိုလေတော့သည်။
ဟ !… ကျော်ဌေး မင်းရောက်လာတာနဲ့ အတော်ပဲကွ ငါလည်းဒီနေ့မှ ဟင်းစားရထားတာ … လာလာ … တိုတူကြီး ထမင်းတူတူစားရအောင်
ထိုသို့ဖော်ရွေစွာပြောဆိုခဲ့ရင်း ယုန်သားဟင်းနှင့်အတူ ထမင်းလေးလုံးချက်အား တူကြီးနှစ်ဦး မိန်ရှက်စွာ စားသောက်ခဲ့ပြီးနောက် ထန်းလျှက်ခဲနှင့် ရေနွေးကြမ်းလေးအား သောက်သုံးနေခဲ့ရင်း စကားလက်ဆုံ ပြောမကုန်ဖြစ်နေကြတော့သည်။ ထို့နောက် ကျော်ဌေးမှာ လာရင်းအကြောင်းအား ပြောဆိုရန် ရွယ်လိုက်ပြီး
ဘကြီး … ဘကြီးကျော်ကို ကျုပ်တစ်ခုလောက် မေးချင်လို့
မေးပါမောင်ရာ … တစ်ခုမဟုတ်ဘူး မင်းကြိုက်သလောက်မေး
ဒီလိုဘကြီးကျော်ရ ကျုပ်သမီးလေးနဲ့ပတ်သတ်ပြီး သိချင်တာလေးတွေ မေးချင်လို့
သြော် … ဟို … ငါ့ကိုမြင်ရင် တတ်မတတ် ချက်မတတ်နဲ့ အာပြဲအောင်ငိုတဲ့ မင်းသမီးလေးလား
ဟုတ်တယ်ဗျ … သူငိုတဲ့အကြောင်းနဲ့ပတ်သတ်ပြီး သိချင်တာရှိလို့
ဟေး မင်းစကားက အဆန်းပါလားကွ ဆိုစမ်းပါဦး ဘာအကြောင်းတုန်း
ကျော်ဌေး၏စကားအား ကြားလိုက်ရသည့် ဘကြီးကျော်တစ်ယောက်မှာတော့ စိတ်ဝင်တစားဖြစ်သွားခါ ဆက်လက်မေးမြန်းလေတော့သည်။ ကျော်ဌေးသည်လည်း ငှဲ့ထားသည့် ရေနွေးခွက်အား တစ်ပြိုင်နက်မော့ကျလိုက်ရင်း သမီးဖြစ်သူပြောဆိုခဲ့သော အကြောင်းတို့အား ပြန်လည်ပြောဆိုပြခဲ့သည်။ တူဖြစ်သူကျော်ဌေး၏ ပြောဆိုနေသော စကားတို့အား အလေးနက်ထား၍ နားထောင်နေခဲ့သော် ဘကြီးကျော်မှာ ကျော်ဌေး၏စကားအဆုံး၌ အတန်ကြာ ငူငူငိုင်ငိုင်ဖြစ်နေခဲ့ပြီး သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလျက် သံဝေဂစကားတစ်ချို့ ထွက်ပေါ်လာခဲ့ချေသည်။
သြော် … လူ့ဘဝများ တယ်လဲဆန်းကြယ်လှတာကိုး၊ ဒါကြောင့်လဲ ဘဝသံသရာ ရှည်လျားထွေပြား မနေမနား တစ်သွားတည်း သွားကြတာလို့ဆိုတဲ့ သီချင်စာသားလိုပေါ့ သံသရာစက်ဝိုင်းထဲက မထွက်မခြင်း လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ တိရိစ္ဆာန်ဖြစ်လိုက် ပြီးရင် အသူရကာယ်ရောက်လိုက် ငရဲရောက်လိုက်နဲ့ သံသရာကြီးထဲမှာ မွေးလိုက် ပြီးရင် သေလိုက် ဖြစ်နေကြတာလေ … အင်း အခုတော့ သေသွားပြီဖြစ်တဲ့ ငါ့ခွေးကျားမလေးက မင်းရဲ့သမီးအဖြစ်နဲ့ လူ့ဘဝကို ရောက်လာပြန်ပါရောလား
ဘာ ဘာပြောတယ်ဘကြီး၊ ကျွန်တော့ရဲ့သမီးလေးက ဘကြီးကျော်ရဲ့ ခွေးကျားမလေး ဝင်စားတာဟုတ်လား
အေးကွ !… အခုမင်းဆီက မင်းပြောလိုသိတဲ့ အကြောင်းရယ်၊ မင်းသမီးက ငါ့အပေါ်ကိုဆက်ဆံနဲ့ အပြုမူရယ် အားလုံးဆက်ဆက်ကြည့်လိုက်ရင် မင်းသမီးလေးက တစ်ချိန်တုန်းက ငါ့ရဲ့အချစ်ဆုံး အဖော်ပြုရဆုံး ခွေးကျားမလေးမှ ခွေးကျားမလေးအစစ်ကွ …
ဟင် … ဘယ်လိုဘကြီး … ကျုပ်တော့ ဘာဆိုဘာတစ်ခုမှ နားမလည်နိုင်တော့ဘူးဗျာ
အေးပေါ့လေ မင်းကတော့ ဘယ်နားလည်နိုင်ပါ့မလဲ ဒီလိုကွ လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က ငါ့မှာအရမ်းအားကိုရတဲ့ ခွေးကျားမလေးဆိုတဲ့ ခွေးတစ်ကောင်ရှိတယ် … ငါအပြင်သွားပြီဆိုရင် သူကအိမ်မှာ အစောင့်တစ်ယောက်လိုပဲ အရမ်းအားကိုရတာ ငါအပြင်ကပြန်လာတိုင်း သူ့အတွက် ဘီစကွပ်မုန့်လေးတွေ အမြဲဝယ်လာတယ် ပြီးရင် သူ့ကိုကျွေးနေကြကွ … ခွေးမလေးက ဘီစကွပ်မုန့်များ စားနေရပြီဆိုရင် အမှီးတစ်နန့်နန့်နဲ့ စားနေလိုက်တာများကွာ ငါ့အတွက်သိပ်ပီတိဖြစ်ရတယ်
တစ်နေ့ညစောင်း အလုပ်ရှင်နဲ့ပြသနာဖြစ်ပြီး ငါလဲအလုပ်ပြုတ်သွားတယ် ဒါ့နဲ့စိတ်ညစ်ပြီး အရက်ကလေးထွေထွေနဲ့ အိမ်ပြန်လာတယ် … ဝယ်နေကြဆိုတော့ အကျင့်ဖြစ်ပြီး ငါ့ခွေးမလေးအတွက် ဘီစကွပ်မုန့်လေးတွေလဲ ဝယ်လာတယ် ငါအပြန်ကိုစောင့်နေတဲ့ ခွေးလေးက ငါ့ကိုလဲမြင်ရော အမှီးတစ်နန့်နန်လုပ်ပြီး ကြိုတော့တာပဲ ငါလဲသူ့အတွက် ဝယ်လာတဲ့ မုန့်လေးကိုကျွေးတယ် … အဲ့ဒီမှာ စွာကျယ်စွာကျယ်အသံတစ်ခု သဲ့သဲ့ကြားနေရတယ်ကွ အဲ့ဒီအသံက ဒေါ်စွာကျယ်ရဲ့အသံ သူ့ကိုငါကတစ်ရပ်ကွက်လုံးမှာ အစွာဆုံးမို့လို့ ဒေါ်စွာကျယ်လို့နာမည်ပေးထားတာ တစ်ရပ်ကွက်လုံးနဲ့ တစ်ယောက်ဒိုင်ခံရန်ဖြစ်တာများ ဒေါ်စွာကျယ်ကိုဘယ်သူမှ လိုက်မမှီတာ အမှန်ပဲဟေ့
အခုသူ့ရဲ့အသံကို သဲ့သဲ့ကြားနေရတယ် နေ့တိုင်းဒေါ်စွာကျယ်ရဲ့အသံကို အခုလိုမျိုးကြားနေကြဆိုတော့ ငါလဲဂရုမစိုက်မိဘူး တစ်ဖြည်းဖြည်းနဲ့ ဒေါ်စွာကျယ်ရဲ့အသံက ငါ့အိမ်ခေါင်းရင်းနားရောက်လာတယ် … ဘာတဲ့ … သူပြောတာက
ခွေးလေခွေးလွှင့်တွေကို မွေးထားတယ် … ပြီးတော့ ဝအောင်မကျွေးနိုင်တော့ ခွေးသူခိုးက ခိုးစားပြီးပေါ့ ခွေးသူခိုး ခွေးလေ ခွေးလွင့်
အဲ့ဒီအော်ပြောနေတယ်ကွ … ငါလဲ သိချင်တာနဲ့ ဘယ်ခွေးက ဘာခိုးသွားလို့တုန်းလို့ မေးလိုက်တော့
ဘယ်ခွေူးဖြစ်ရမှာတုန်း နင့်ခွေးစုတ်ပေါ့ … ဟုတ်မှာပေါ့လေ လူတောင်အနိုင်နိုင်စားနေရတာဆိုတော့ ခွေးမွေးပြီး ခွေူးကိုဝအောင် ဘယ်ကျွေးနိုင်ပါ့မလဲ နင့်ခွေးစုတ်က ငါ့အမဲသားခြောက်တွေကို ခိုးစားသွားတယ်ဟဲ့အကောင်ရဲ့
အဲ့ဒီလိုငါ့ကို လက်ညိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့ပါလေရော ငါ့မျက်စီထဲမှာလဲ ပြာခနဲဖြစ်သွားတယ် ငါ့ခွေးကိုလဲ ပြောနေတာ နှစ်ပါးတောင်မတန်ဘူး ခွေးကိုပြောနေတဲ့အပြင် ငါ့ကိုပါလက်ညိုးငေါက်ငေါက်ထိုးပြီး ပြောနေတော့ ငါလဲတော်တော်လေး ဒေါသထွက်သွားတယ် ဒါနဲ့
ဒီမှာအဒေါ်ကြီး ကျုပ်ခွေးအကြောင်း ကျုပ်သိတယ် ကျုပ်ခွေးခိုးစားတာမဟုတ်ဘူး
ဟဲ့အကောင် … ဒီပတ်ဝန်းကျင်မှာ နင့်ခွေးတစ်ကောင်ပဲရှိနေတာ နင့်ခွေးသူခိုး မခိုးလို့ ဘယ်ခွေးက ခိုးရမှာတုန်းဟ ခွေးသူခိုးသခင်ရဲ့ …
ဒေါ်စွာကျယ်ခင်ဗျားလွန်နေပြီနော် ကျုပ်ခွေးခိုးစားပါတယ်ဆိုတဲ့ သက်သေ ခင်ဗျားဘဟ်လိုပြနိုင်လို့လဲ
အောင်မာ နင့်ကိုသတ်သေပြရအောင် ငါကရှေ့နေမဟုတ်ဘူးဟဲ့ … နင့်ခွေးခိုးတဟ်ဆိုတာကို ငါကပါးစပ်ထဲကနှိုက်ပြီ ပြရဦးမှာလား

သူက အော်ကြီးဟစ်ကျယ်နဲ့ ဒီလိုအော်ပြောပါလေရော မောင်ရေ … ငါလဲမျက်စီထဲ ဘာဆိုဘာမှမမြင်တော့ဘူး ငါ့ခွေးမခိုးဘူးဆိုတာ ငါသိနေတယ် ငါ့ခွေးမခိုးကြောင်း ငါလဲသက်သေပြချင်စိတ် ပြင်းထန်လာပြီး ထန်ရံမှာထိုးထားတဲ့ အသားလှီးဓားကို ဆွဲယူလိုက်တယ်။ ငါ့လက်ထဲ ဝင်းခနဲဆိုပြီး ဓားရောက်လာတော့ ဒေါ်စွာကျယ်အသံက အလိုလိုတိတ်သွားတယ်။ ဒါနဲ့ ငါဘာလုပ်မလဲဆိုပြီး အမှီးတနန့်နန့်နဲ့ စောင့်ကြည့်နေတဲ့ ငါ့ရဲ့ခွေးမလေးကို နောက်ခြေနှစ်ချောင်းကနေ ကိုင်မြောက်လိုက်ပြီး
ဒ်ီမှာဒေါ်စွာကျယ် ခင်ဗျားသက်သေမပြနိုင်ပေမယ့် ကျုပ်ကတော့ ကျုပ်ခွေးခိုးမစားကြောင်း သက်သေပြနိုင်တယ် ကျုပ်ခွေးခိုးစားလား မစားလားဆိုတာ ခင်ဗျားကိုပြမယ် … အေး ကျုပ်ခွေးဗိုက်ထဲမှာ ခင်ဗျားအမဲသား မရှိလို့ကတော့ ခင်ဗျားဗိုက်ကိုလဲ ခွဲကြည့်ရမှာပဲ
ဒေါသထွက်ပြီး ပြောပြောဆိုနဲ့ ငါလည်း ခွေးမလေးရဲ့ ဆီစက်ကို ဓားနဲ့ထိုးလိုက်တယ် ပြီးတော့ ဆီးစက်ကနေ ရင်ဝအထိ တစ်ပြေးတည်းခွဲပစ်လိုက်တယ် ပြီးတော့ ဒေါ်စွာကျယ်အရှေ့ကို ဗုန်းခနဲပစ်ချပေးလိုက်ပါလေရော။ ငါထင်တယ် အဲ့အချိန်တုန်းက အသားတွေတစ်ဆတ်ဆတ် တုန်နေမယ်ဆိုတာ။ နောက်တော့ငါ့စိတ်ထဲမှာ မှောင်မိုက်သွားသလို ခံစားလိုက်ရတယ်။ အဲ့ ငါသတိရလာတဲ့အချိန်မှာ ငါ့အရှေ့မှာ ငါကိုယ်တိုင် ငါ့လက်နဲ့သတ်လိုက်မိတဲ့ ခွေးကျားမလေးကို တွေ့လိုက်ရတော့တာပဲ။ ဒီမှာတင် ငါမှားသွားပြီးဆိုတာ ငါသိလိုက်တယ်။ ဒါပေမယ့် ငါသိလိုက်တဲ့အချိန်က နောက်ကျသွားပြီလေ။
အင်း … သူတစ်ပါးကို နှိတ်စက်ပုတ်ခတ်ဖို့ မီးကျီးခဲနဲ့မစင်ကို ကိုင်တဲ့သူဟာ သူတစ်ပါးကို မနှိတ်စက်ခင် ပထမဆုံး ကိုယ့်ကိုကိုယ်ပူလောင် ညစ်ပတ်စေတယ်ဆိုတာ တကယ်မှန်ပါလား ငါ့တူကြီးရေ ။ ဒေါသစိတ်ဟာ ဒေါသဖြစ်တဲ့သူကို ဖျက်စီးနိုင်သလို သူတစ်ပါးကိုလဲ ဖျက်စီးတတ်တယ်ဆိုပေမယ့် တကယ်တမ်းကျတော့ ဒေါသဖြစ်သူကိုသာ ဖျက်စီးတာပဲကိုးကွ။ ကြည့်လေကွာ ငါနဲ့ဖြစ်တဲ့ ဒေါ်စွာကျယ်ဘယ်လိုခံစားရမယ်ဆိုတာ ငါမသိပေမယ့် လောလောဆဟ်တော့ ငါပြုမိခဲ့တဲ့အမှားအတွက် နောင်တ တရားကြီးကို ရင်မှာပိုက်ခဲ့ရပြီလေ။ အင်း … လောဘ၊ ဒေါသ၊ မောဟ ဘယ်အရာမှ လူကိုအကျိုးမပြုတဲ့အရာတွေပါလား
ထိုသို့ဆို၏။ ကျော်ဌေးတစ်ယောက်သည်လည်း ဘကြီးကျော်၏ သံဟေဂ စကားများအောက်၌ အတန်ကြာနစ်မျော်နေခဲ့ပြီး ဘကြီးကျော်၏ သတိပေးပြောဆိုလိုက်သော စကားအား ကြားလိုက်ရမှသာလျင် အသိနှင့်သတိကပ်မိချေခဲ့တော့သည်။
ကဲကဲ … တူကြီး မင်းလဲရွာပြန်ရဦးမှာမဟုတ်လား ပြန်တော့ပြန်တော့ နောက်ကျနေလိမ့်မယ် … ဒီလောက်ဆို မင်းရဲ့သမီးလေးက ငါ့ရဲ့ခွေးကျားမလေး ဝင်စားတယ်ဆိုတာ မင်းလည်းရိပ်မိသွားမှာပါ
ဟုတ် … ဟုတ်ကဲ့ … ဘကြီး
ထို့နောက် ကျော်ဌေးတစ်ယောက်မှာ ဘကြီးကျော်၏ပြောစကားများအား ထစ်ထစ်ငေါ့ငေါ့နှင့် ပြန်လည်ဖြေကြားခဲ့ပြီး ရွာအပြန်လမ်းသို့ ဦးတည်လေတော့သည်။ ရွာအပြန်လမ်း၌လည်း ကျော်ဌေးတစ်ယောက်မှာတော့ ဘကြီးကျော် ပြောပြခဲ့သော် ခွေးကျားမလေးအကြောင်းအား စဉ်းစားနေလျက် အကြောင်းတိုက်ဆိုင်မှုများသည်လည်း များပြားစွာရှိနေခဲ့၏။ ခွေးကျားမလေးဟာ ဘီစကွပ်မုန့်အား ကြိုက်နှစ်သကဲ့သို့ သမီးဖြစ်သူသည်လည်း ဘီစကွပ်မုန့်အား အားပါးတရကြိုက်နှစ်သည်ကို ကျော်ဌေးတစ်ယောက် သိရှိထားခဲ့ပြီး ဘကြီးကျော်အား မြင်တွေ့လိုက်သည်နှင့် ပုန်းအောင်နေခဲ့သော သမီးဖြစ်သူအား မြင်ယောင်နေခဲ့မိတော့သည်။
ထိုသို့ပုန်းအောင်နေခဲ့ရခြင်းမှာလည်း အတိတ်ဘဝမှ ဝေဒနာ နာကျည်မှုများကြောင့် ယခုဘဝ၌ အစွဲပြု၍ ထိန်လန့်နေခဲ့ခြင်းပင်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဖခင်ဖြစ်သူ ကျော်ဌေးတစ်ယောက်မှာတော့ မိမိ၏သမီးဖြစ်သူဟာ အတိတ်ဘဝမှ ဘကြီးကျော်၏ခွေးကျားမလေး ဖြစ်ခဲ့ဖူးပြီး ယခုဘဝ၌ လူဝင်စားဖြစ်နေခဲ့သည်ဟု သေချာစွာမှတ်ယူခဲ့တော့သည်။
ကျွနုပ်သည် ဦးပဇ္ဇင်းအရှင်ဇောတိက မိန့်ကြားဘူးခဲ့သော ခွေးကျားမလေး၏ အကြောင်းတို့အား ပြန်လည်တွေးတောနေမိရင်း ကျွန်ုပ်၏ခွေလေးရန်လုံနှင့် ညီဖြစ်သူစန်းလွင်တို့သည်လည်း အတိတ်ဘဝမှ အဖြစ်ဟောင်းများ ရှိကောင်းရှိနေလိမ့်မည်ဟု ယုံကြည်စွာလက်ခံမိချေတော့သည်။
(မှတ်ချက် ။ ။ ဦးဇင်းအရှင်ဇောတိက၏ တူမဖြစ်သူမှာ ဝါးခယ်မမြို့၊ မောင်တီး ရေကျော်ကျေးရွာ၌ ယခုထက်တိုင် ခွေးကျားမလေးအမည်ဖြင့် သက်ရှိထင်ရှား ရှိနေပါသေးသည်။)
စာရေးသူ - ထီးကလေး
(ရင်နှင့် ရင်း၍ ရေးသားသည်။)

No comments:

Post a Comment