Friday, June 30, 2017

အကောင်းမြင်စိတ်

အကောင်းမြင်စိတ်


ဘ၀ဆိုတာကို အဓိပ္ပါယ်ဖွင့်ခိုင်းရင် လူတိုင်းနီးပါးလောက်က ရုန်းကန်ရတာတွေ၊ စိန်ခေါ်မှုတွေ၊ တိုက်ပွဲတွေ၊ စိတ်ညစ်ညူးစရာတွေ၊ အခက်အခဲတွေ၊ ခရီးကြမ်းတွေ စတဲ့ စတဲ့ စကားလုံးတွေနဲ့ပဲ ထပ်တူပြုကြလေရဲ့။ ဒါဆို ကျွန်တော်တို့ရဲ့ ဘ၀တွေမှာ ပျော်ရွှင်စရာတွေ မရှိတော့ဘူးလား။ ရှိပါတယ်။ ပျော်စရာတွေ ပေါလိုက်သမှ။ စိတ်ကြည်နူးစရာတွေရော မရှိဘူးလား။ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်အပါအ၀င်ပေါ့ဗျာ။ လူဆယ်ယောက်မှာ ခုနှစ်ယောက်လောက်က ကိုယ့်အပူနဲ့ကိုယ် စိတ်ညစ်တဲ့ဘက်က လှည့်တွေးနေတဲ့ အချိန်တွေ များမယ်ထင်တယ်။


အဲဒါကို တွေးနေမိတဲ့အခါ ကျွန်တော်သတိရမိတဲ့ စကားလုံးလေးတစ်လုံးရှိတယ်။ 'အကောင်းမြင်တဲ့စိတ်'တဲ့။ စကားလုံးလေးက လှလည်းလှတယ်။ ပေးနိုင်တဲ့ အင်အားကလည်း အံ့မခန်းပါပဲ။ အကောင်းမြင်စိတ်ရှိခြင်းက ဘ၀ကိုရုန်းကန်တဲ့အခါ ကောင်းသောအထောက်အကူပြုမှုတွေ ပေးတယ်ဆိုတာ ကျွန်တော်တို့တွေ တော်တော်များများ သိကြပါတယ်။ တစ်ခုပါပဲ၊ လိုက်မလုပ်နိုင်တာပါ။ အရာရာကို အကောင်းဘက်က မြင်ပေးဖို့ဆိုတာ လွယ်တော့မလွယ်လှဘူးပေါ့ဗျာ။ ဖန်ခွက်ထဲက ရေတစ်ဝက် ဥပမာလိုပေါ့။ ရေတစ်ဝက်တောင်ရှိတယ်လို့ ပြောတဲ့လူထက် ရေတစ်ဝက်တည်းလို့ ပြောတဲ့လူက ပိုခရီးပန်းနေတော့ နှစ်ယောက်မလောက်မှာ စိုးရိမ်ပြီး ပြောတာမျိုးလည်း ဖြစ်နိုင်တယ်လေ။


မကောင်းမြင်ပြီး ဒိတ်ဓာတ်ကျတာက ဘ၀အတွက် မကောင်းသလို လာတိုးတက်မှုမှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ့်စိတ်က မကောင်းမြင်မှုတွေကြားမှာ ပိတ်မိနေတော့ တိုးတက်ဖို့အတွက် အကြံကောင်း ဉာဏ်ကောင်းတွေ ထွက်မလာနိုင်တော့ဘူးပေါ့။ အကောင်းမြင်ဆိုတိုင်းတော့လည်း အရာရာအကောင်းမြင်ပြီး ရောင့်ရဲကျေနပ်နေဖို့ မဟုတ်ပါဘူး။ အကောင်းမြင်ခြင်းကို ကျေနပ်စွာအားလျော့ခြင်းလို့ ကျွန်တော်ကဘယ်တော့မှ မခံယူပါဘူး။ အကောင်းမြင်တယ်ဆိုတာ ကျွန်တော်က ကျေနပ်စွာလက်ခံခြင်းလို့ပဲ ယူဆပါတယ်။ ဖြစ်လာသမျှ အခြေအနေတွေအပေါ် ကောင်းမွန်စွာ တုံ့ပြန်နိုင်ဖို့ အကောင်းမြင်စိတ်နဲ့ လက်ခံမှ ပြဿနာဟာ ပိုပြီးရှင်းလင်းပြတ်သားစွာ ပေါ်လာမှာပါ။

ရတာလေးကို အကောင်းဆုံးအသုံးချနိုင်ဖို့ အဲဒီ ရတာလေးနဲ့ပဲ လုံလောက်တယ်ဆိုတဲ့ အကောင်းမြင်စိတ်က စရပါမယ်။ ရောင့်ရဲလွန်ခြင်းဟာလည်း မကောင်းမြင်ခြင်းနည်းတူ ကိုယ့်ဘ၀တက်လမ်းကို ပိတ်နိုင်တဲ့ ပျင်းရိခြင်းတစ်မျိုး ဖြစ်တာမို့ အကောင်းမြင်စိတ်နဲ့တင် မရပ်တန့်ပဲ ကောင်းမွန်စွာ တုံ့ပြန်၊ ကောင်းမွန်စွာ သင်ယူ၊ ကောင်းမွန်စွာ အသုံးချပြီး ပန်းတိုင်ရောက်အောင်သွားပါလို့ တိုက်တွန်းချင်ပါတယ်။

No comments:

Post a Comment