Friday, June 30, 2017

အရှုံးမပေးသရွေ့

အရှုံးမပေးသရွေ့



“နင် ရှုံးနေပြီပဲ။ အရှုံးပေးလိုက်တော့”
လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်မတို့ အိမ်ရှေ့ သစ်ပင်ရိပ်အောက်မှာ စစ်တုရင်ခုံလေးချပြီး စစ်တုရင်ထိုးတမ်း ကစားနေကြတဲ့ ကလေးတွေထဲက တစ်ယောက်ရဲ့ စကားသံက ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့တာကို ကြားလိုက်ရချိန်မှာ ဘာရယ်မဟုတ်ဘဲ ကျွန်မ အိမ်အပြင်ဘက် ထွက်ကြည့်ရင်း နားစွင့်နေလိုက်မိပါတယ်။
“ငါ မရှုံးသေးပါဘူး”


“ရှုံးတော့မှာပဲဟာကို။ လုပ်မနေနဲ့ ငါနိုင်မှာ သေချာနေပြီပဲ။ နင် စောစောစီးစီး အရှုံးပေးလိုက်တော့”
ကစားနေရာကနေ ကလေးတစ်ယောက်က သူနိုင်တော့မှာ သေချာနေတဲ့အတွက် စိတ်မရှည်သလို အော်ဟစ်ပြောနေတာပါ။ သူ့ရဲ့ မျက်နှာမှာလည်း အနိုင်လိုချင်စိတ်တွေက အထင်းသား။ သူ့ကိုယ်သူလည်း ဒီကစားပွဲမှာ နိုင်မယ်လို့ တထစ်ချ ယုံကြည်ထားသလို တစ်ဖက်ကလေးဆီကနေ အရှုံးပေးစကားသံကိုလည်း သူကြားချင်နေပုံ ရပါတယ်။ တကယ်လည်း ဒီကစားပွဲက သူနိုင်တော့မှာပါ။ သိပ်မကြာခင်မှာဘဲ အဲ့ဒီကလေးက ၀မ်းသာအားရ “ချက်” လို့ အော်လိုက်ချိန်မှာတော့ တစ်ဖက်ကလေးလေးရဲ့ မျက်နှာက ငိုတော့မလို မဲ့သွားပါတယ်။

ဘယ်ဘက်က ပြေးပြေး မလွတ်နိုင်တော့တဲ့ သူ့ရဲ့ ဘုရင်အရုပ်ကို နှမြောတသနဲ့ ကြည့်နေတဲ့ ကလေးလေးက နောက်ဆုံးအချိန်ထိတောင် အရှုံးပေးချင်ပုံ မရပါဘူး။ အချိန်အတော်ကြာအောင် စဉ်းစားနေတဲ့ ကလေးလေးကို တစ်ဖက် ကလေးလေးကလည်း စကားသံအမျိုးမျိုးနဲ့ ရှုံးနေပြီပဲ၊ အရှုံးပေးလိုက်တော့ဆိုတဲ့ စကားသံတွေနဲ့ လှောင်ပြောင်နေပါတယ်။ ကျွန်မလည်း သူတို့ကစားပွဲကို အရမ်းစိတ်ဝင်စားပါတယ်။ အထူးသဖြင့် တစ်ဖက်ကလေးလေးက သူရှုံးနေပြီလို့ ပြောလို့ရတဲ့ အခြေအနေထိတောင် အရှုံးပေးပါတယ်ဆိုပြီး လွယ်လွယ်ပြောပြီး ကစားပွဲကို အေးဆေးအဆုံးမသတ်ဘဲ အသည်းအသန် လွတ်လမ်းတစ်ခုခု ရှိနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကစားကွက်တွေကို သေချာလေ့လာ စဉ်းစားနေတဲ့ သူ့ရဲ့စိတ်ဓာတ်ကိုလည်း ကျွန်မ လေးစားမိပါရဲ့။

၁၀ မိနစ်လောက်ကြာတဲ့ အချိန်မှာတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပါတော့တယ်။ စစ်တုရင် အရုပ်လေးတစ်ရုပ်ကို ဟန်ပါပါနဲ့ ရွှေ့လိုက်ရင်း ‘ချက်’ လို့ ပြန်အော်လိုက်တဲ့ ကလေးလေးက ခုနက လွယ်လွယ်နဲ့ အရှုံးမပေးသေးဘဲ အကြိတ်အနယ် စဉ်းစားနေတဲ့ ကလေး ဖြစ်နေလို့ပါပဲ။ ခုနက နိုင်မယ်လို့ တထစ်ချ ယုံကြည်နေတဲ့ ကလေးအပြင် ကျွန်မကိုယ်တိုင်ပါ ကြည့်နေရင်း အံ့သြသွားရပါတယ်။ နောက်ဆုံးတော့ နိုင်မယ်သေချာနေတဲ့ ကလေးလေးကပဲ တစ်ဖက်ကလေးကို ရှုံးသွားခဲ့ပါတယ်။ နိုင်သွားတဲ့ကလေးက ရှုံးသွားတဲ့ကလေးကို ပြုံးပြရင်း စကားတစ်ခွန်း ပြောလိုက်ပါတယ်။


“ငါ အရှုံးမပေးသေးသရွေ့ ငါ မရှုံးသေးဘူး။ အဲ့ဒါ မှတ်ထား” တဲ့။
ကလေးကတော့ ဘာရယ်မဟုတ် သူနိုင်သွားတဲ့အတွက် သူ့စိတ်ထဲရှိတာကို ပွင့်လင်းစွာ ပြောသွားခဲ့တာပါ။ ဒါပေမဲ့ တစ်ခုခုဆို ဆက်စပ်စဉ်းစား တွေးခေါ်ရတာကို သဘောကျတဲ့ ကျွန်မအတွက် ဒီကလေးတွေ အပျော်သက်သက် ကစားနေတဲ့ စစ်တုရင် ကစားပွဲလေး တစ်ပွဲကနေလည်း သင်ခန်းစာတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဆက်စပ်စဉ်းစားစရာ အတွေးတွေလည်း အများကြီး ရရှိခဲ့ပါတယ်။


ဒီကစားပွဲမှာ အနိုင်ရသွားတဲ့ ကလေးလေးကသာ နောက်ဆုံးအချိန်ထိ အလျှော့မပေးတဲ့ စိတ်ဓာတ်နဲ့ မကြိုးစားဘဲ သူများပြောတဲ့ စကားတွေကြားမှာ စိတ်ဓာတ်ကျ၊ လွယ်လွယ်နားယောင်ပြီး အရှုံးပေးခဲ့မယ်ဆိုရင် ဒီပွဲမှာ သူ အခုလို အနိုင်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အားလုံးက သူရှုံးနေပြီလို့ သတ်မှတ်ထားပေမယ့် သူကိုယ်တိုင် အရှုံးမပေးသေးတဲ့ အချိန်ထိ သူမရှုံးသေးဘူး ဆိုတာကို အပြောနဲ့တင် မဟုတ်ဘဲ အလုပ်နဲ့ပါ ကလေးလေးက သက်သေပြလိုက်နိုင်ပါတယ်။


ကျွန်မတို့ ဘ၀တစ်လျှောက်လုံးမှာလည်း ကျောင်းပညာရေးနဲ့ ပတ်သက်တဲ့ စာမေးပွဲတွေ၊ ပြိုင်ပွဲတွေ၊ အနိုင်-အရှုံး သတ်မှတ်ထားတဲ့ ကစားပွဲတွေ များစွာအပြင် ဘ၀ရဲ့ အခက်အခဲတွေ၊ လောကဓံတရားတွေ၊ ဘ၀ရဲ့စာမေးပွဲတွေ များစွာကို ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာ ကျွန်မတို့ ဘယ်လိုဆုံးဖြတ်ခဲ့သလဲ၊ ဘယ်လို စိတ်ဓာတ်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲ။ ဘယ်လိုရလဒ်တွေ ရရှိခဲ့သလဲဆိုတာ သေချာပြန်စဉ်းစားကြည့်ရင် အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။


“အရှုံးပေးရင် နှလုံးအေးတယ်၊ ဒီတော့ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ဘာကိုပဲဖြစ်ဖြစ် ပြိုင်ဆိုင်မနေနဲ့။ အရှုံးပေးလိုက်။ သူ့ကို အရှုံးပေးလိုက်တော့ရော ကိုယ်ကဘာတွေ ယုတ်လျော့သွားလို့လဲ။ အရှုံးပေးတယ်ဆိုတဲ့ စကားကို ကြားချင်တဲ့သူတွေကို အရှုံးပေးတယ် ပြောလိုက်တော့ရော သူက နိုင်သွားလို့လား။ အဲ့ဒါ အတွက်နဲ့ ငြင်းခုံရန်ဖြစ်နေတာ၊ သူနိုင်ကိုယ်နိုင် အချေအတင် ပြောနေတော့လည်း စိတ်ဆိုးဒေါသဖြစ်ပြီး အချင်းချင်း မတည့်တော့ဘူး ဖြစ်တာပဲ အဖတ်တင်တယ်။ ဒီတော့ အရှုံးပေးလိုက်တာက အေးချမ်းတယ်” တဲ့။ ကျွန်မ ကလေးဘ၀တုန်းက သူငယ်ချင်းတွေနဲ့ ဆော့ကစားပြီး ငြင်းခုံရန်ဖြစ်တဲ့အခါ ကျွန်မရဲ့ ဆရာမတစ်ယောက်က ဆုံးမပြောဆိုနေကျ စကားတွေပါ။


ကျွန်မ ဆရာမ ပြောတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အနိုင်-အရှုံး သတ်မှတ်ချက်တွေ၊ ပြိုင်ဆိုင်ရတာတွေကို စိတ်မ၀င်စားတဲ့သူ တစ်ယောက်ပါ။ ဒါပေမဲ့ ‘နေရာတကာမှာ အပြိုင်အဆိုင်ရှိမှ တိုးတက်တာ’ ဆိုတဲ့စကား၊ ‘အမြဲတမ်းအလျှော့ပေး၊ အရှုံးပေးရင် ကိုယ့်အရည်အသွေးတွေ ငုပ်သွားတတ်တယ်’ ဆိုတဲ့ စကားတွေကလည်း အလကားတော့ ရှိနေတာ မဟုတ်ဘူးဆိုတာကို တစ်ဖက်က ပြန်တွေးမိပါရဲ့။


အဲ့ဒါနဲ့ပဲ ကျွန်မတို့တွေက အရာအားလုံးကို လျစ်လျူရှုအလျှော့ပေး၊ အရှုံးပေးလိုက်ကြတော့မှာလား။ ဘာပဲဖြစ်ဖြစ် ငြိမ်ခံနေလိုက်ကြတော့မှာလား။ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးမရှိတဲ့ ပြိုင်ဆိုင်မှုတွေအတွက် အချိန်ကုန်ခံ ပြိုင်ဆိုင်မနေတတ်ဖို့ဆိုတာ ကျွန်မတို့ လူသားတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အသိဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်တတ်တဲ့ ဆင်ခြင်နိုင်စွမ်းပေါ် မူတည်ပါတယ်။ ဒါပေမဲ့ လောကဓံကို အန်တုရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်၊ ဘာတွေနဲ့ပဲ ကြုံလာကြုံလာ အပြုံးမပျက် ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်တွေရှိဖို့ဆိုတာ လောကဓံကို၊ ကျွန်မတို့ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အရှုံးမပေး၊ အလျှော့မပေးတတ်တဲ့ ဇွဲစိတ်ဓာတ်မျိုးရှိမှပဲ ဖြစ်မှာပါ။ ဥပမာ-အများကောင်းကျိုးအတွက် ကျွန်မတို့ လုပ်ဆောင်တဲ့နေရာမှာ ကျွန်မတို့ လိုချင်တဲ့ပစ်မှတ်က လူအများအဆင်ပြေဖို့၊ စိတ်ချမ်းသာဖို့ ဖြစ်တယ်ဆိုရင် အဲ့ဒီအရာကိုရဖို့ မှန်ကန်တဲ့နည်းလမ်းနဲ့ ကြိုးစားတဲ့အခါ ကျွန်မတို့ လုပ်နေတဲ့အလုပ်ကို ပျက်စီးအောင် အကြောင်းအမျိုးမျိုးကြောင့် မရရှိအောင် လုပ်ကြတဲ့ အတိုက်အခိုက်တွေ၊ ထိန်းချုပ်မှုတွေ၊ ကန့်သတ်မှုတွေကို ကျွန်မတို့တွေ ပျော့ညံ့တဲ့ စိတ်ဓာတ်နဲ့ အရှုံးပေးလိုက်ကြမှာလား။

‘အရှုံးပေးလိုက်တာ အေးပါတယ်’ ဆိုပြီး လူအများကောင်းကျိုးကို လူနည်းစုရဲ့ အာဏာပါဝါတွေနဲ့ ထိန်းချုပ်တိုက်ခိုက်မှုအတွက် အလျှော့ပေးလိုက် ကြတော့မှာလား။ ဒါဆိုရင် ကျွန်မတို့တွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ မှန်ကန်တဲ့ စိတ်ဓာတ်တွေ၊ ကြံ့ခိုင်တဲ့ စိတ်ဓာတ်တွေက လွယ်လွယ်နဲ့ အလျှော့ပေး အရှုံးပေးချင်တဲ့ စိတ်ဓာတ်တွေကြောင့် လူအများရဲ့ နစ်နာဆုံးရှုံးမှုတွေ၊ အားလုံးကို လွယ်လွယ်နဲ့ နောက်ဆုတ်အရှုံးပေး စတေးလိုက်တော့မှာလား။

ဒါပေမဲ့ အများကောင်းကျိုးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ တကယ်ကို ကိုယ့်မိသားစု၊ ကိုယ့်တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေမှာတော့ လောကဓံရဲ့ တိုက်ခိုက်မှုကြောင့်သာ မဟုတ် ဘယ်သူ့ကိုမှ ဘယ်လိုအကြောင်း တရားမျိုးကြောင့်မှ အရှုံးပေးစရာ မလိုဘူးဆိုတဲ့ အသိကို သိရှိထားဖို့တော့ လိုအပ်ပါတယ်။
ကလေးလေး ပြောခဲ့တဲ့ စကားကိုပဲ ကျွန်မ ထပ်ပြောပါရစေ...
“ကျွန်မတို့ ကိုယ်တိုင်က အရှုံးမပေးသေးသရွေ့ ကျွန်မတို့ မရှုံးသေးပါဘူး”

(ဆောင်းပါးရှင် - သဲသီရိကျော်)

No comments:

Post a Comment